ဦးပိုင်ကုမ္ပဏီ တပ်မတော်သားများနှင့် ပြည်သူလူထုအတွက် ရည်ရွယ်ဟုဆို
DVB
·
May 3, 2017
တပ်မတော်ပိုင် အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီဟာ တပ်မတော်သားတွေနဲ့ ဇနီး သားသမီးတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်သူလူထုတွေရဲ့ သက်သာချောင်ချိရေးအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တဲ့အကြောင်း ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် စီးပွားရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် စိုးနိုင်ဦးတို့က ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။
၁၉၉ဝ - ၁၉၉၁ ဘဏ္ဍာနှစ်မှ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်အထိ ၂၇ နှစ်တာကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ကို နှစ်စဉ်အခွန်ဆောင်ခဲ့ရာမှာ စုစုပေါင်း အခွန်ငွေ ကျပ် ၈၉၉၉၂ ဒသမ ၂ သန်း ဆောင်ပြီးဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စတင်ဖွဲ့စည်းချိန် ၁၉၉၀ ပြည့်နှစ်က ရှယ်ယာမတည်ငွေ ကျပ်သန်း ၄ဝ၊ တပ်မတော်စစ်မှုထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ အစုရှယ်ယာထည့်ဝင် ငွေကျပ် ၁၆ ဒသမ ဝ၉၈ သန်း စုစုပေါင်း ကျပ်သန်း ၅၆ ဒသမ ဝ၉၈ သန်းရှိခဲ့ရာက အခုလက်ရှိ ၂ဝ၁၇ ခုနှစ် မတ် ၂၄ ရက်မှာတော့ စစ်မှုထမ်းတွေ၊ တပ်ရင်း တပ်ဖွဲ့တွေ၊ စစ်မှုထမ်းဟောင်း အစုရှယ်ယာထည့်ဝင်မှုက ကျပ် ၁၆ဝ၈၄ ဒသမ ၇၅၅ သန်းဖြစ်လာတယ်လို့လည်းဆိုပါတယ်။