လူမျိုးရေးခွဲခြားမှုကို တုံ့ပြန်ခဲ့သည့် ဘောလုံးသမားကို ကုလ ကော်မရှင်နာမင်းကြီး ချီးကျူး

ဓာတ်ပုံ - ရိုက်တာ
756
လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံကို တုံ့ပြန်ခဲ့တဲ့ ဘောလုံးသမားရဲ့လုပ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ချီးကျူးလိုက်ပါတယ်။
အီတလီစီးရီးအေကလပ် ပက်စ်ကာရာဘောလုံးအသင်းရဲ့ ကွင်းလယ်လူ ဂါနာနိုင်ငံသား ဆူလေး မန်တာရီကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဇေ့ဒ် ဒရာဒယ် ဟူစိန်က ပြီးခဲ့တဲ့ မေ ၁ ရက်နေ့က ချီးကျူးလိုက်တာပါ။
ဧပြီ ၃၀ ရက်နေ့က စီးရီးအေပွဲစဉ်အဖြစ် ကက်လီယာရီမြို့မှာ ကက်လီယာရီအသင်းနဲ့ မန်တာရီရဲ့ ပက်စ်ကာရာအသင်း ယှဉ်ပြိုင်စဉ် ပွဲစကတည်းက သူ့အပေါ် လူမျိုးရေး စော်ကားမှုတွေ လုပ်ခဲ့တဲ့ လူအုပ်စုတချို့ကို မကျေနပ်ကြောင်း ပြောခဲ့ပြီးပြီလို့ မန်တာရီက ဆိုပါတယ်။
အဲဒီလို လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြတဲ့အနေနဲ့ သူဟာ ကွင်းထဲက ထွက်သွားခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဘောလုံးပွဲတွေအတွင်း လူမျိုးရေးခွဲခြားမှု ပြဿနာကို ပိုကြီးကြီး အာရုံစိုက်ဖို့လိုပြီလို့လည်း ဇေ့ဒ်က ပြောပြီး သူ့ရုံးဟာ ဖီဖာနဲ့ ထိတွေ့ ပြောဆိုပြီးပြီလို့ ဆိုပါတယ်။
ဒိုင်လူကြီးက လူအုပ်ကို စကားပြောတာရပ်ဖို့ ပြောပြီး သူ့ကို အဝါကတ် ပြခဲ့တယ်လို့ မန်တာရီက ပြောပါတယ်။
ရပ်တည်ချက်အတွက်ဆိုရင် မန်တာရီဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကျနော်တို့အားလုံးအတွက် လှုံ့ဆော်အားပေးသူပဲလို့ ဇေ့ဒ်က ဆက်ပြောပါတယ်။
အီတလီနဲ့ တခြားနိုင်ငံတွေဟာ ဘောလုံးပွဲအတွင်း လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ထိန်းချုပ်ဖို့ ရုန်းကန်ကြိုးစားနေရဆဲပါ။
၂၀၁၃ ခုနှစ်ကလည်း ဘတ်စ်တို အာစီဇီယိုမြို့မှာ ချစ်ကြည်ရေးဘောလုံးပွဲအတွင်း အေစီမီလန်အသင်း ကွင်းလယ်လူ ဂါနာနိုင်ငံသားတဦးကို အိမ်ရှင် ဘောလုံးဝါသနာအိုးတွေက စော်ကားခဲ့လို့ တသင်းလုံး ဘောလုံးကွင်းထဲကနေ ထွက်သွားခဲ့ဖူးပါတယ်။
ဖီဖာကတော့ အာဂျင်တီးနား၊ မက္ကဆီကိုနဲ့ ဘရာဇီးအသင်းတွေကို အားပေးသူတွေရဲ့ ကြွေးကြော်သံတွေအတွက် ပြီးခဲ့တဲ့သီတင်းပတ်က အဲဒီအသင်း ၃ သင်းကို ဒဏ်ငွေရိုက်ခဲ့ပါတယ်။