Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မေဒေးနေ့ ပူးပေါင်းဆင်နွှဲ
နန်းမြနဒီ
·
May 1, 2017
ဒီကနေ့ မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေကလည်း ထိုင်းအလုပ်သမားအဖွဲ့တွေနဲ့အတူ မေဒေးအခမ်းအနားကို ပူးပေါင်းပါဝင် ဆင်နွှဲနေကြပါတယ်။ မြို့တော် ဘန်ကောက်မှာဆိုရင် ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်ရှေ့ကနေ ယူအန် (ကမ္ဘာ့ကုလသမဂ္ဂ) ရုံးဆီ စီတန်း လမ်းလျှောက်ကာ အချက်ပေါင်း ၁၀ ချက်ပါဝင်တဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ တောင်းဆိုလွှာကို ပေးအပ်ဖို့ ရှိနေတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကွန်ရက်အဖွဲ့ရဲ့ အမှုဆောင် ကိုစိုင်းနောင်က ပြောပါတယ်။ “ဒီမှာ ကျနော်တို့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ လောက်ရှိပါတယ်ခင်ဗျ။ ထိုင်း အလုပ်သမားသမဂ္ဂနဲ့အတူလာပြီး ဆင်နွှဲတာ။ တောင်းဆိုချက်က စုစုပေါင်း ၁၀ ချက် ရှိတယ်။ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားနဲ့ သက်ဆိုင်တာကတော့ ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ တန်းတူ လုပ်အားခရရှိရေး၊ လှေလုပ်သားနဲ့ ပတ်သက်တဲ့ ဥပဒေ ပြဋ္ဌာန်းပေးရေး၊ လူမှုဖူလုံရေး ခံစားခွင့် ရရှိရေး၊ ကလေးမီးဖွားခွင့်ရရေး၊ နောက်တခုက ကျနော်တို့ ထိုင်းရောက်အလုပ်သမားတွေကို မကြာခဏ ဖမ်းဆီးပြီးတော့  ငွေညှစ်နေတဲ့ကိစ္စတွေ ဒါတွေ ရပ်တန့်သွားဖို့ပေါ့။” တောင်းဆိုချက်စာတွေကို အိုင်အယ်လ်အိုနဲ့ အလုပ်သမား ဝန်ကြီးဌာနတွေဆီ ပေးပို့ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ မြန်မာအလုပ်သမားအဖွဲ့နဲ့ ထိုင်းအန်ဂျီအိုအဖွဲ့ စုစုပေါင်း အဖွဲ့  ၃၀ ကျော်ပါဝင်တဲ့ Migrant Rights Promoting Working Group အဖွဲ့က ဦးဆောင်ပြီး ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးရှေ့မှာ အခမ်းအနားတရပ်ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အလုပ်သမားတို့ လိုလားချက် ၅ ချက် ထုတ်ပြန်ပြီး မဲဆောက်ခရိုင်ဝန်ထံ တောင်းဆိုခဲ့ကြတယ်လို့ ထိုင်းရောက်မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။ “အလုပ်သမားမှတ်ပုံတင်ကတ်လုပ်တဲ့အချိန်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေကို ထိရောက်စွာ စစ်ဆေးအရေးယူဖို့၊ အလုပ်ရှင်ကို အလုပ်သမားတွေရဲ့ အထောက်အထားတွေ ဖြစ်တဲ့ ပတ်စ်ပို့၊ မှတ်ပုံတင်နဲ့ အလုပ်သမားကတ် စတာတွေ သိမ်းဆည်းခြင်းမပြုဖို့၊ ဥပဒေနဲ့မညီတဲ့ အလုပ်ငှားရမ်းစာချုပ်တွေ မလုပ်ဖို့၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးဖို့၊ ကျေးရွာတွေမှာ ထိုင်းအစိုးရဝန်ထမ်းတွေက  အလုပ်သမားတွေဆီကနေ ငွေကြေး တောင်းခံတဲ့ ကိစ္စ အရေးယူပေးဖို့၊ တာ့ခ်ခရိုင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တရားမျှတမှုရရှိရေး ရွှေ့ပြောင်းအလုပ်သမား၊ ကျေးရွာလူထုနဲ့ အလုပ်ရှင်တွေ၊ အစိုးရဝန်ထမ်းတွေပါ နိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေ လေးနက်စွာလိုက်နာကျင့်သုံးဖို့ အဲဒီအချက်တွေ ပါပါတယ်။” မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေ ကူညီစောင့်ရှောက်ပေးနေတဲ့ အေအေစီ မဟာမိတ်အဖွဲ့ကလည်း မြန်မာအလုပ်သမားအများစုရှိတဲ့ ဘန်ကောက် ပဒူနမ့်နယ်မြေ ဖရပဒဲင်းရပ်နဲ့ နခွန်းပထုံခရိုင် အုန်းနွဲ့အုန်းယိုင်ဘုန်းကြီးကျောင်းမှာ မေဒေးဆိုင်ရာ ဟောပြောပွဲတွေ ကျင်းပမယ်လို့  အဖွဲ့ရဲ့ တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။ “အဓိကကတော့ မေဒေးအလုပ်သမားနေ့အကြောင်းနဲ့ ထိုင်းနိုင်ငံက အလုပ်သမားဥပဒေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ ဟောပြောဖို့ စီစဉ်ထားပါတယ်ခင်ဗျ။ နေရာ ၂ ခုမှာ မနက် နဲ့ ညနေ ခွဲလုပ်မှာပါ။ အဲဒီမှာ မြန်မာအလုပ်သမားအများစုရှိတော့ ၁၀၀၀ ကျော် လာကြမယ်လို့ ထင်ပါတယ် ။” မြန်မာပြည်က တိုင်းရင်းသားအများစု ၀င်ရောက်လုပ်ကိုင်နေတဲ့ ချင်းမိုင်ခရိုင် ချင်းမိုင်မြို့မှာလည်း ဧပြီလ ၃၀ ရက်နေ့ကစ ထိုင်းအလုပ်သမားနဲ့ ရွှေ့ပြောင်းလုပ်သားအဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ ပေါင်းပြီး  အလုပ်သမားအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပကာ ဒီကနေ့ ညနေပိုင်းမှာတော့ ခရိုင်အုပ်ချုပ်ရေးရုံးဆီ ချီတက်တောင်းဆိုခဲ့ပါတယ်။ မနေ့က အလုပ်ရုံဆွေးနွေးပွဲမှာ လူတန်းစေ့နေနိုင်သောလုပ်အားခ၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထူထောင်ခြင်း၊ လူမှုဖူလုံရေး အာမခံကိစ္စနဲ့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအကြောင်းတွေ ဆွေးနွေးပြီး ဒီကနေ့မှာတော့ အချက်  ၁၀ ချက် ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ယိင်းမွေဦးက ပြောပါတယ်။ “ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်ပြီး ထိုင်းဌာနဆိုင်ရာက ခေါ်ဝေါ်သုံးစွဲနေတဲ့ ဝေါဟာရမှာ အလုပ်သမားတွေကို နှိမ်ချတဲ့အသုံးအနှုန်းတွေ ပြင်ဆင်ပေးဖို့၊ လူတန်းစေ့နေနိုင်တဲ့ လုပ်အားခသတ်မှတ်ပေးဖို့၊ လွတ်လပ်စွာခရီးသွားလာခွင့်ရဖို့၊ ဘယ်လုပ်ငန်းခွင်က အလုပ်သမားပဲ ဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ လူမှုဖူလုံရေးအာမခံချက် တန်းတူညီမျှရဖို့ စတဲ့အချက်တွေ တောင်းဆိုခဲ့တယ်၊ အဲဒီစာကို လက်ထောက်ခရိုင်ဝန်က လာပြီးလက်ခံသွားတယ်။” ထိုင်းနိုင်ငံမှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃ သန်းကျော် ဝင်ရောက် လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024