DVB Logo
Home
မြန်မာသတင်း
စီးပွားရေးပြုပြင်ပြောင်းလဲမှုများဆက်လုပ်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ တိုက်တွန်း
DVB
·
January 26, 2012
စီးပွားရေးပြုပြင်ပြောင်းလဲမှုများဆက်လုပ်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  တိုက်တွန်း
1 / 2
Donate to DVB

မြန်မာ့စီးပွားရေး တည်ငြိမ်ရေးအတွက်​ ​နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ မနေ့က ထုတ်ပြန်တဲ့ မြန်မာပြည် စီးပွားရေး သုံးသပ်ချက် အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ အစီရင်ခံစာမှာ လက်ရှိ​ စီးပွားရေး​ ​ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျုးထားပြီး နိုင်ငံ့စီးပွားရေး တည်ငြိမ်ဖို့ နောက်ထပ်ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာပြည်စီးပွားရေးဟာ နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ခဲ့ပြီးနောက် မတ်လကုန်မယ့် ဒီနှစ်ဘဏ္ဍာရေးနှစ်မှာ ၅.၅ ရာခိုင်နှုန်း တက်ဖို့ရှိပြီး လာမယ့်နှစ်မှာ ၆ ရာခိုင်နှုန်း တက်ဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေမှာ ရှုပ်ထွေးတဲ့ ငွေလဲနှုန်းစနစ်ကို ပြုပြင်ဖို့ဟာ ထိပ်ဆုံးက ဦးစားပေးလုပ်ရမယ့် ကိစ္စဖြစ်ပြီး အဲဒီ့ နောက်က တိုင်းပြည်စီးပွားရေး တည်ငြိမ်ရေးအတွက် ကျယ်ပြန်တဲ့ စီမံခန့်ခွဲမှုတွေလုပ်ဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်ဟာ အာရှမှာ  စီးပွားရေးဖွံ့ဖြိုးဖို့ အလားအလာရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ အိုင်အမ်အက်ဖ်ရဲ့ မြန်မာပြည်ဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ မာရယ် ကာရာဆူလူ  Meral Karasulu က ပြောပါတယ်။

“မြန်မာပြည်ရဲ့ အားသာချက်တွေက -  သဘာဝသယံဇာတ အရင်းအမြစ်တွေ၊ နုပျိုတဲ့  အလုပ်အင်အားစု၊ စီးပွားရေး ဖွံ့ဖြိုးတဲ့ နိုင်ငံတွေနဲ့ နီးကပ်နေတဲ့ အနေအထားတွေဖြစ်ပြီး ဒါတွေကို အသုံးချရမယ်” လို့ မာရယ် ကာရာဆူလူ  က ပြောပါတယ်။

အထူးသဖြင့် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာရေးကဏ္ဍမှာ ခေတ်မီအောင် လုပ်ဖို့၊ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပိုမို ဖွင့်ပေးဖို့ အိုင်အမ်အက်ဖ်က တိုက်တွန်းပါတယ်။

ရန်ကုန် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားပါမောက္ခ စီးပွားရေးပညာရှင် ဦးမော်သန်းက ငွေလဲနှုန်း ပြုပြင်လိုက်ရင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာဖို့ အထောက်အကူ ဖြစ်စေမယ်လို့ ပြောပါတယ်။

“စီးပွားရေးလုပ်ငန်းအနေနဲ့ သက်ရောက်မှု ဆိုတာကတော့ ပြည်ပနဲ့ အဆက်အသွယ်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအပေါ်ပဲ သက်ရောက်မှု ရှိမယ်။ ဥပမာ နိုင်ငံခြားကနေပြီးတော့ ဗမာပြည်မှာ လာပြီးတော့ မြှုပ်နှံမယ်။ အဲလို ကိစ္စမျိုးတွေ အတွက်ကတော့ တော်တော်ကို ထူးခြားသွားမယ်။ တဒေါ်လာကို ကျပ် ၈၂၀၊ ၈၂၅ ပေါက်ဈေးနဲ့ ယူလာဖို့ သတ်မှတ်မယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေနဲ့က အများကြီး အထောက်အကူ ရတာပေါ့။ အရင်းအနှီး ပြန်ထုတ်တဲ့အခါကျတော့လည်း ဈေးကွက်နဲ့ ပိုပြီး ကိုက်သွားတာပေါ့။”

လက်တွေ့မှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမှာ အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့ လိုအပ်နေသေးတာကိုလည်း ဦးမော်သန်းက ထောက်ပြပါတယ်။

“ပြီးခဲ့တဲ့ နှစ်တွေက အဟန့်အတား ဖြစ်တဲ့ဟာဆိုရင် ဘဏ်တိုးနှုန်း ကြီးမြင့်တာတို့၊ နိုင်ငံခြား ငွေလွှဲ ပြဿနာတို့ အဟန့်အတားတွေ ရှိတာတို့၊ အဟန့်အတား ရှိတယ်ဆိုတာက နိုင်ငံခြားငွေနဲ့ ပတ်သက်လို့ အစိုးရက တ၀က်တပျက် အသိအမှတ်ပြုတဲ့ အနေနဲ့ ကောင်တာတွေ ဖွင့်ပေးတာတို့ပေါ့။ အဲဒီကိစ္စရပ်တွေကြောင့် စီးပွားရေးမှာ အဟန့်အတား ဖြစ်တာမျိုးတွေ ရှိတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်နေတာနဲ့ ပတ်သက်ပြီး တဖက်က အကောင်အထည်ဖော်မယ့် သိပ်ကြန့်ကြာနေတဲ့ ကိစ္စတွေ မြန်အောင်၊ မမြင်သာတဲ့ ကိစ္စတွေ မြင်သာအောင်၊ ပွင့်လင်းအောင် အဲလို လုပ်ဖို့ လုပ်ပါတယ်။ ဆိုလိုရင်းကတော့ (စကား) တလုံးတည်းပါ၊ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ လိုပါတယ်လို့။”

မြန်မာပြည် စီးပွားရေးအပေါ် အကောင်းမြင်ထားတဲ့ အိုင်အမ်အက်ဖ်ရဲ့ ဒီအစီရင်ခံစာဟာ ၁၉၉၉ နောက်ပိုင်း ပထမဆုံးသော မြန်မာ့စီးပွားရေးအပေါ် သုံးသပ်ချက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013