DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသများတွင် အစိုးရတပ်အချို့ ရုပ်သိမ်း
DVB
·
January 26, 2012
တိုင်းရင်းသားဒေသများတွင်  အစိုးရတပ်အချို့ ရုပ်သိမ်း
Donate to DVB

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ စစ်ဆင်ရေးလုပ်နေတဲ့ မြန်မာ့တပ်မတော် တပ်မ ၉၉ ကို လွန်ခဲ့တဲ့ရက်ပိုင်းကစပြီး ရုပ်နေတယ်လို့ စစ်ဘက်သတင်း​ ရပ်ကွက်တွေက ပြောပါတယ်။

မြန်မာ့တပ်မတော်က တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေး​နွေးပြီးတဲ့နောက် တပ်မ ၉၉ ကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကစပြီး ရုပ်သိမ်းနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

“တပ်မဟာ ၉၉ ကတော့ ကချင်ပြည်နယ် မန်စီမြို့နယ်ရယ်၊ ရှမ်းပြည်မြောက်ပိုင်း မန်တုံဒေသတွေရယ်မှာ တပ်ရင်းတွေခွဲပြီးတော့ စစ်ဆင်ရေးလုပ်ကြတယ်။ သူတို့ သက်တမ်းကတော့ တနှစ်လောက်ကျော်သွားပြီ။ ဒီဘက်ရောက်တာ။ ပြန်ဖို့အစီအစဉ်ရှိတယ်။ ပြန်ဖို့ သတင်းထွက်နေတာ ကြာပြီ။ ဒီ ၃၊ ၄ ရက်မှာတော့ တချို့ ဆင်းသွားကြပြီ။ တခြား တပ်မဟာတွေကတော့ ရှိတုန်းပါပဲဗျ။ တပ်မ ၈၈ လည်း ကျန်သေးတယ်။ တခြားဒေသက တတ်လာတဲ့ စကခ တွေလည်း ရှိသေးတယ်။”

တပ်ရုပ်သိမ်းမှုနဲ့အတူ မြန်မာ့တပ်မတော်ဘက်က အောက်ခြေတပ်တွေကို အပစ်အခတ်မလုပ်ဖို့ ညွှန်ကြားတယ်ဆိုတာ သိရတယ်လို့ ဆိုပါတယ်။

အစိုးရဘက်က တပ်ရုပ်မှုဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုကိုယ်စားလည်အဖွဲ့ ပဏာမ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဖြစ်ထွန်းမှု ဖြစ်ပါတယ်။

ရွှေလီဆွေးနွေးပွဲမှာ နှစ်ဘက်က နိုင်ငံရေးနည်းနဲ့ ဆက်ဆွေးနွေးဖို့နဲ့ စစ်ရေးအရှိန်ကို ထိန်းသိမ်းပြီး ထိတွေ့မှုဖြစ်နိုင်မယ့် နေရာက တပ်တွေအခြေအနေကို ညှိနှိုင်းမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် လာမယ့်လအတွင်းမှာလည်း နှစ်ဘက်ထပ်တွေ့ဖို့ စီစဉ်ထားကြပြီး ရက် မသတ်မှတ်ရသေးဘူးလို့ ကေအိုင်အို ပြောခွင့်ရသူက ဆိုပါတယ်။

အလားတူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) ၀မ်ဟိုင်းဌာနချုပ် အနီးမှာ အခြေစိုက်ထားတဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့ တချို့ ပြန်ရုပ်သွားတယ်လို့ ပါတီရဲ့ ပြောခွင့်ရသူ အတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး စိုင်းထူးက ပြောပါတယ်။

တပ်ရုပ်သိမ်းဖို့ အက်စ်အက်စ်ပီပီ က အစိုးရ တာဝန်ရှိသူတွေကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံတုန်းက တောင်းဆိုခဲ့ဖူးပါတယ်။

လာမယ့် ၂၈ ရက်နေ့မှာ သူတို့ပါတီက ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်တွေ တောင်ကြီးမှာ တွေ့ဆုံဖို့ ချိန်းထားပြီး  အပစ်ရပ်ရေး၊ ဆက်ဆံရေးရုံးဖွင့်ရေးနဲ့ အစိုးရတပ်တွေ ပြန်ရုပ်ရေးကိစ္စ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီကလည်း ဒီလကုန်ပိုင်းမှာ အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကတော့ ဘားအံမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ရထားပြီး အစိုးရ ကိုယ်စားလှယ်တွေနဲ့ တလခွဲအတွင်း ထပ်တွေ့ဖို့ သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013