DVB Logo
Home
မြန်မာသတင်း
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သွားမည်
DVB
·
January 26, 2012
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သွားမည်
Donate to DVB

မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျူးလိုက်ပြီး သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခင် သွားရောက် လည်ပတ်ဖို့ စီစဉ်နေတယ်လို့  ပြောကြားလိုက်ပါတယ်။

[caption id="attachment_20402" align="alignright" width="300" caption="မစ္စတာ ဘန်ကီမွန်း"][/caption]

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာပြည်သွားမယ့် ရက်အတိအကျကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

အတွင်းရေးမှူးချုပ်က မကြာသေးခင်လတွေက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမှုအပါအ၀င် မြန်မာအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို အားတက်မိတဲ့အကြောင်း၊ မကြာခင်မှာ မြန်မာပြည် သွားရောက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ပြောပါတယ်။

ဒါ့အပြင်  အိန္ဒိယသံမတ်ကြီးဟောင်း ဗီဂျေးနမ်ဘီယားကို သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တရားဝင် ခန့်အပ်ကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာခဲ့ပါတယ်။

မစ္စတာနမ်ဘီယားဟာ ပါကစ္စတန် တရုတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ကုလသမဂ္ဂမှာ ၂၀၀၇ ခုနှစ်ကတည်းက ကုလသဂ္ဂ ရုံးအဖွဲ့ အရာရှိချုပ်အဖြစ် အမှုထမ်းနေတာပါ။

အခု ဒီတာဝန်ကနေ အနားယူပြီး  မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ကတော့ မစ္စတာနမ်ဘီယားဟာ ကုလသမဂ္ဂ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို မပျက်မကွက် အကြံပေး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့လည်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

မစ္စတာ နန်ဘီယားဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးတဲ့  ရာဇာလီ အစ္စမေးလ်နဲ့ အီဘရာဟင် ဂန်ဘာရီတို့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မစ္စတာ ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံရေးကို လေးလေးနက်နက် စောင့်ကြည့်လေ့လာပြီး အချိန်ပြည့် တာဝန်ယူနိုင်မယ့် သူကို ခန့်အပ်ထားရင် မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို တိတိကျကျ သိမှာဖြစ်တဲ့အတွက် အကြံပေးပုဂ္ဂိုလ်တဦး အမြန်ဆုံး ခန့်အပ်ဖို့ သတင်း မီဒီယာတွေကနေ တိုက်တွန်းခဲ့ဖူးပါတယ်။

ကုလသမဂ္ဂအနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အဓိက အခန်းကဏ္ဍက ဆက်လက် ပါဝင်သွားမယ်လို့လည်း ပြောပါတယ်။

အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက  မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံရပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ တွန်းအားပေး လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013