DVB Logo
Home
မေးမြန်းခန်း
မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာသမတ်မကျတဲ့​ ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ
DVB
·
January 25, 2012
မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာသမတ်မကျတဲ့​ ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ
Donate to DVB

တောင်သူလယ်သမား​များ​ တိုး​တက်​ရေး​အင်အား​စုက မ​ကွေး​တိုင်း​ ကံမမြို့​နယ် စစ္စရံ ​ကျေး​ရွာမှာ မ​နေ့​က ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် လယ်သမား​နှီး​နှောပွဲတခုကို ဦး​စီး​ လုပ်​ဆောင်ရာမှာ ရွာနီး​ချုပ်စပ်က လယ်သမား​ ၂၀၀ ​ကျော် တက်​ရောက် ​ဆွေး​နွေး​ပါတယ်။

[caption id="attachment_20362" align="alignright" width="300" caption="လယ်သမားများ​ ​ဆန္ဒပြစဉ် ​(၂၇ အောက်တိုဘာ​ ​၂၀၁၁​) "][/caption]

နှီး​နှောဖလှယ်ပွဲနဲ့​ပတ်သက်ပြီး​ အဲဒီအင်အား​စုက တာဝန်ရှိသူ ဦး​မျိုး​သန့်​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

လယ်သမား​ နှီး​နှောဖလှယ်ပွဲတခု လုပ်​နေတယ်ကြား​လို့​၊​ ဘာ​တွေလုပ်ခဲ့​လဲ။

“မ​နေ့​က မ​ကွေး​တိုင်း​ ကံမမြို့​နယ်၊​ စစ္စရံ​ကျေး​ရွာမှာ လုပ်တာပါ။ ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ဆိုပြီး​ အဲဒီနာမည်နဲ့​ ဖိုရမ်လုပ်ပါတယ်။ ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​ အင်အား​စုအ​နေနဲ့​ လုပ်တာပါ။ ​တောင်သူလယ်သမား​ နှီး​နှောဖလှယ်ပွဲ​ပေါ့​။ လုပ်တာက ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​အင်အား​စုဆိုပြီး​ ကျ​နော်တို့​ လုပ်တာပါ။ အဲဒီမှာ လယ်သမား​ ၂၀၀ ဝန်း​ကျင် တက်​ရောက်ပါတယ်။ မ​ကွေး​တိုင်း​နဲ့​ ပဲခူး​တိုင်း​အ​နောက်ခြမ်း​က ဇီး​ကုန်း​၊​ ကြို့​ပင်​ကောက်၊​ ​ပေါင်း​တည်၊​ နတ္တလင်း​ပေါ့​။ ဒီမြို့​နယ်​တွေက လယ်သမား​တွေ တက်ပါတယ်။ အား​လုံး​ပေါင်း​ ၂၀၀ ဝန်း​ကျင်​လောက် ရှိပါတယ်။”

ကံမမြို့​နယ် စစ္စရံ​ကျေး​ရွာမှာလား​။ တ​လောက လယ်သိမ်း​ပြီး​ ပြဿနာတက်တဲ့​ ရွာ​ပေါ့​။

“ဟုတ်ပါတယ်။ ရွာလယ်လမ်း​မှာ မဏ္ဍပ်ထိုး​ပြီး​ လုပ်တာပါ။”

ဒီပွဲမှာ အဓိကအား​ဖြင့်​ လယ်သမား​တွေနဲ့​ ဘာ​တွေ​ဆွေး​နွေး​ခဲ့​လဲ။

“နှီး​နှောဖလှယ်ပွဲပါ။ ကျ​နော်တို့​က အဓိကအား​ဖြင့်​ ဦး​ဌေး​ဦး​ တင်သွင်း​တဲ့​ ၂၀၁၁ လယ်ယာ​မြေဥပ​ဒေမူကြမ်း​ရယ်၊​ ​နောက်ထပ်လယ်ယာစိုက်ပျိုး​ရေး​နဲ့​ ဆည်​မြောင်း​ဝန်ကြီး​ဌာနက တင်သွင်း​တဲ့​ ​မြေလွတ်၊​ ​မြေရိုင်း​နဲ့​ ​မြေယာစီမံခန့်​ခွဲမှု ဥပ​ဒေဆိုတာရယ် အဲဒီဥပ​ဒေမူကြမ်း​ ၂ ရပ်ကို ကျ​နော်တို့​က ငြင်း​ဖျက်ဖို့​အတွက် နှီး​နှောဖလှယ်ပွဲ​တွေကို လုပ်တာပါ။ ဒီဥပ​ဒေမူကြမ်း​တွေက အဓိကအား​ဖြင့်​ ​တောင်သူလယ်သမား​တွေရဲ့​ ဘဝအတွက် အ​ထောက်အပံ့​မဖြစ်​စေဘဲ ကုမ္ပဏီကြီး​တွေကိုသာ ​ကျော​ထောက်​နောက်ခံပြုတဲ့​ ဥပ​ဒေဖြစ်​နေတယ်။ ဒီအတွက် ကျ​နော်တို့​ ငြင်း​ဖျက်ရခြင်း​ ဖြစ်ပါတယ်။ အဲဒီအတွက် နှီး​နှောဖလှယ်ပွဲဆိုတဲ့​ ​နေရာမှာလည်း​ ကျ​နော်တို့​ပြောချင်တာပဲ မ​ပြောဘူး​။ ​နောက် ဒီဥပ​ဒေ​တွေ အတည်မဖြစ်​ရေး​ကို ငြင်း​ရုံသက်သက် မဟုတ်ဘဲနဲ့​ ဒီဟာကို မကြိုက်ဘူး​။ ဒီဥပ​ဒေကို မကြိုက်ဘူး​ဆိုရင် ဘယ်ဥပ​ဒေမျိုး​တွေကို အစား​ထိုး​မလဲ။ ဘယ်လို အချက်အလက်​တွေကို ပါ​စေချင်လည်း​ဆိုတဲ့​ ကိစ္စ​တွေပါ ​ဆွေး​နွေး​ နှီး​နှောဖလှယ်တာပါ။ ​တောင်သူလယ်သမား​တွေရဲ့​ အသံရယ်၊​ ကျ​နော်တို့​ဘက်က ဖြစ်သင့်​ဖြစ်ထိုက်တဲ့​ ပုံစံ​လေး​တွေက ဘယ်လိုအ​နေအထား​ ရှိတယ် ဆိုတာ​လေး​တွေကို တင်ပြတယ်။ သူတို့​ဘက်ကလည်း​ ပြန်လည်​ဆွေး​နွေး​တယ်။ သူတို့​ ​ပြောတဲ့​အချက်​တွေကို မှတ်သား​ထား​တယ်။ အဲလိုမျိုး​ပါ။”

လယ်ဆည်ဝန်ကြီး​ ဦး​ဌေး​ဦး​ တင်ပြတဲ့​ ဥပ​ဒေမူကြမ်း​က ဘာအ​ကြောင်း​အရာကို ​ပြောပြီး​တော့​ အစ်ကိုတို့​က ဘယ်အချက်​ပေါ်မှာ သ​ဘောမကျတာလဲ။

“ဦး​ဌေး​ဦး​ တင်သွင်း​တဲ့​ ၂၀၁၁ လယ်ယာ​မြေ ဥပ​ဒေမူကြမ်း​မှာ ဥပ​ဒေပုဒ်မ ၂ မှာ နံပါတ်တစ်က ဒီဥပ​ဒေကို လယ်ယာ​မြေ ဥပ​ဒေဟု ​ခေါ်တွင်​စေရမည်ဆိုတာက နံပါတ်တစ်​ပေါ့​။ နံပါတ်နှစ်က စပြီး​တော့​ လယ်ယာ​မြေဆိုသည်မှာ နိုင်ငံ​တော်မှ အလိုရှိသည့်​အတိုင်း​ စီမံခန့်​ခွဲနိုင်ခွင့်​ရှိတဲ့​ ​မြေ​တွေဟု ​ခေါ်သည်လို့​ ဆိုတဲ့​အချက်​လေး​ တချက်နဲ့​တင်ပဲ ကျ​နော်တို့​ ဒီဥပ​ဒေကို ငြင်း​ဖျက်ရဖို့​ လုံ​လောက်​နေပြီလို့​ ကျ​နော်တို့​ ယူဆပါတယ်။ တခြား​အချက်​တွေလည်း​ အများ​ကြီး​ ရှိပါတယ်။ သူက လယ်ယာစိုက်ပျိုး​ရေး​ဆိုတဲ့​နေရာမှာ အဓိပ္ပာယ် ဖွင့်​ဆိုချက်ထဲမှာ ​မွေး​မြူ​ရေး​လုပ်ငန်း​တွေပါ ထည့်​သွင်း​ထား​တယ်။ သတ္တုတူး​ဖော်​ရေး​လုပ်ငန်း​က လွဲလို့​၊​ အဲဒါမျိုး​တွေထည့်​ထား​တယ်။ တခြား​အချက်​တွေလည်း​ အများ​ကြီး​ရှိတယ်။ ​နောက်ထပ် လယ်ဆည်ဝန်ကြီး​က တင်တဲ့​မြေလွတ်၊​ ​မြေလပ်နဲ့​ ​မြေရိုင်း​များ​ စီမံခန့်​ခွဲမှု ဥပ​ဒေမှာလည်း​ပဲ အချက်​တွေ အများ​ကြီး​ရှိတယ်။ အဲဒီမှာဆိုရင် ကုမ္ပဏီကြီး​တွေကို အ​ထောက်အပံ့​ပြုထား​တဲ့​ အချက်​တွေမှာ ထင်ထင်ရှား​ရှား​ ဖြစ်တာဆိုလို့​ရှိရင် ဥပမာ ​မြေလွတ်​မြေများ​ကို ​လျှောက်ထား​မယ်ဆိုရင် ကုမ္ပဏီကြီး​တွေအတွက်ဆိုရင် တကြိမ်ကို ဧက ၅,၀၀၀ နဲ့​ အလီလီ၊​ ဧက ၅၀,၀၀၀ ထိ၊​ ချ​ပေး​ခွင့်​ရှိတယ်။ ​နောက်ထပ် လိုအပ်မယ်ဆိုရင် နိုင်ငံ​တော်သမ္မတရဲ့​ အတည်ပြုချက်၊​ ​ထောက်ခံချက်နဲ့​ ​နောက်ထပ်ထပ်ပြီး​ ၅၀,၀၀၀ အထက်ပို​ပေး​လို့​ ရ​သေး​တယ်။ လယ်လုပ်မယ့်​ ​တောင်သူလယ်သမား​တွေ အတွက်ကျ​တော့​ ၁၀ ဧက တနိုင်တပိုင်ကို အဆင့်​ဆင့်​ စိစစ်ချက်ဖြင့်​ဆိုတဲ့​ စကား​ရပ်နဲ့​ ထည့်​သုံး​ထား​ပြီး​တော့​ အဆင့်​ဆင့်​ စိစစ်ချက်နဲ့​ ၁၀ ဧကပဲ ​ပေး​မယ်ဆိုတာမျိုး​ ပါတယ်။ ​မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာသမတ် မကျတဲ့​ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ။”

လယ်သမား​ ၂၀၀ ​ကျော်ထဲက တချို့​တွေက ဘာအ​ကြောင်း​အရာ​တွေကို ​ပြောကြလဲ။

“အဲဒီကိစ္စ​တွေအပြင်မှာ သူတို့​လက်ရှိ ခံစား​နေရတဲ့​ ​မြေသိမ်း​ယာသိမ်း​ ကိစ္စ​တွေပါတယ်။ အခု စစ္စရံက ပုဂ္ဂိုလ်​တွေဆို တချို့​ကုမ္ပဏီက သိမ်း​ထား​ပြီး​ သူတို့​ဆီမှာလာပြီး​တော့​ အ​ဆောက်အဦ​တွေ ​ဆောက်ထား​တယ်။ အစ်ကိုတို့​လည်း​ သိမယ်။ အဲဒါ​တွေဆို ခုထိပြန်မဖျက်​သေး​ဘူး​။ ဖျက်ရ​ကောင်း​နိုး​၊​ မဖျက်ရ​ကောင်း​နိုး​ ဖြစ်​နေတဲ့​ လတ်တ​လော ပြဿနာ​တွေ၊​ ဒါ​လေး​တွေလည်း​ ရှိသလို ​နောက်ထပ် ထပ်ပြီး​ ​မြေသိမ်း​ယာသိမ်း​ ကိစ္စ​တွေလည်း​ ရှိ​နေ​သေး​တယ်။ တချို့​နေရာမှာဆိုရင် ဒီဥပ​ဒေမူကြမ်း​ကို ပြပြီး​တော့​ ​မြေသိမ်း​ဖို့​ လုပ်​နေတဲ့​ ဟာ​တွေလည်း​ ကျ​နော်တို့​ ကြုံ​တွေ့​နေရတယ်။ ဒါမျိုး​တွေလည်း​ ကြား​ခဲ့​ရတယ်။

“​နောက်ထပ်က သီး​နှံကို လွတ်လပ်စွာ မစိုက်ပျိုး​နိုင်တဲ့​ကိစ္စ။ အဲဒီဘက်မှာ​တော့​ ​နွေစပါး​မရှိဘူး​။ နတ္တလင်း​ဘက်မှာဆို ​နွေစပါး​မစိုက်ချင်ဘဲ စိုက်​နေရတယ်။ ​နွေစပါး​မစိုက်ချင်​တော့​ တချို့​ကလည်း​ပဲ အဆင်​ပြေသလို ဆည်​မြောင်း​တို့​ဘာတို့​နဲ့​ ​ငွေ​ပေး​ပြီး​တော့​ ​နွေစပါး​အစိုက်ပြတယ်။ ​နွေစပါး​မစိုက်ဘဲနဲ့​ ပဲစိုက်တယ်။ အဲလိုမျိုး​လုပ်တာ​တွေ ရှိတယ်။ ဒီလို​တွေက အမြဲတမ်း​ကြုံ​တွေ့​နေရတဲ့​ ပြဿနာ​တွေ။ ဒါမျိုး​တွေကလည်း​ သူတို့​တင်သွင်း​နေတာပါ။ အဲဒါ​တွေလည်း​ ကျ​နော်တို့​ ဥပ​ဒေပြုတဲ့​ထဲမှာ ထည့်​ပြီး​တော့​ ​ပြောဆို​ပေး​နိုင်ဖို့​၊​ သူတို့​က​တော့​ အရပ်စကား​နဲ့​ပဲ ​ပြောကြတယ်။”

နှီး​နှောဖလှယ်ပွဲက​နေ ရရှိ​ကောက်ယူ​ဆွေး​နွေး​တဲ့​ အချက်အလက်​တွေကို ဘယ်လိုပြုစုပြီး​တော့​ ဘယ်သူ​တွေဆီ တင်ပြဖို့​ရှိလဲ။

“ကျ​နော်တို့​ ဒါ ပထမဆုံး​ လုပ်တဲ့​ပွဲ​ပေါ့​။ ဒီပွဲမျိုး​ကို ​နောက်ထပ် ​ဒေသဆိုင်ရာ​တွေမှာ တတ်နိုင်သ​လောက် ဆက်လုပ်သွား​မယ်။ အချိန်မီအခါမီ ဖြစ်နိုင်​အောင်လည်း​ ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။ အဲလိုလုပ်သွား​ရင်း​နဲ့​ပဲ ဒီပွဲ​တွေက ​တောင်သူလယ်သမား​တွေကိုယ်တိုင် နှုတ်ထွက်စကား​တွေထဲက ရလာတဲ့​ အချက်အလက်​တွေကို ကျ​နော်တို့​ ဥပ​ဒေကျွမ်း​ကျင်တဲ့​ ပညာရှင်​တွေနဲ့​ ညှိနှိုင်း​တိုင်ပင်ပြီး​တော့​ ဥပ​ဒေကြမ်း​အဆင့်​ထိ အတတ်နိုင်ဆုံး​ ​ရောက်​အောင် ပြုစုသွား​မယ်။ ပြီး​တော့​မှ အဲဒါ​တွေကို နိုင်ငံ​ရေး​ပါတီ​တွေကိုလည်း​ ကျ​နော်တို့​ ဖြန့်​ဝေမယ်။ ​နောက်တခါ ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်၊​ ကိုယ်စား​လှယ်​တွေကိုလည်း​ ကျ​နော်တို့​ ဖြန့်​ဝေသွား​ပါမယ်။ သူတို့​တွေကလည်း​ လွှတ်​တော်ထဲ တင်သွင်း​နိုင်ဖို့​ ကျ​နော်တို့​ ကြိုး​စား​နေပါတယ်။”

ဒီပွဲမှာ လူ ၂၀၀ ​လောက်တက်တယ်ဆို​တော့​ သက်ဆိုင်ရာက ဘယ်လိုမှ အ​ရေး​မယူဘူး​လား​။ ကြိုတင် ခွင့်​ပြုချက်ယူထား​လား​။

“ကျ​နော်တို့​ ကြိုတင်ခွင့်​ပြုချက်လည်း​ မယူပါဘူး​။ ဒါက ကျ​နော်တို့​ရဲ့​ နိုင်ငံသား​ရဲ့​ အ​ခြေခံရပိုင်ခွင့်​ အခွင့်​အ​ရေး​ထဲကပဲ လုပ်​ဆောင်သွား​တာပါ။ ကျ​နော်တို့​မှာ ဘာမှဆူပူလိုခြင်း​ ဆန္ဒလည်း​ မရှိဘူး​။ ဆူပူမှုလည်း​ ဘာမှမဖြစ်ခဲ့​ဘူး​။ ရုန်း​ရင်း​ဆန်ခတ်မှုလည်း​ မဖြစ်ခဲ့​ဘူး​။ ​အေး​ဆေး​ငြိမ်း​ချမ်း​စွာ လုပ်သွား​တာ ဖြစ်တယ်။ သူတို့​ဘက်ကလည်း​ ဘာမှ ​နှောင့်​ယှက်ဟန့်​တား​တာ မရှိပါဘူး​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013