DVB Logo
Home
မြန်မာသတင်း
ပါကစ္စတန် သမ္မတ မြန်မာနိုင်ငံ​ရောက်ရှိ
DVB
·
January 24, 2012
ပါကစ္စတန် သမ္မတ မြန်မာနိုင်ငံ​ရောက်ရှိ
Donate to DVB

ပါကစ္စတန်သမ္မတ အာဆစ် အလီဇာဒါရီဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာ ချစ်ကြည်​ရေး​ အလည်အပတ်ခရီး​အဖြစ် ကြိုတင် ​ကြေညာထား​ခြင်း​မရှိဘဲ ဒီကနေ့​ ​ရောက်ရှိ​နေပါတယ်။

[caption id="attachment_20357" align="alignright" width="300" caption="ပါကစ္စတန် သမ္မတ"][/caption]

ဒီခရီး​စဉ်အတွင်း​ သမ္မတဦး​သိန်း​စိန်အပါအဝင် မြန်မာ​ခေါင်း​ဆောင်​တွေနဲ့​တွေ့​ဆုံပြီး​ ​ဒေသတွင်း​နဲ့​နိုင်ငံတကာ နှစ်နိုင်ငံ အကျိုး​တူကိစ္စ​တွေ အထူး​သဖြင့်​ စီး​ပွား​ရေး​နဲ့​ကုန်သွယ်​ရေး​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ဆွေး​နွေး​မယ်လို့​ပါကစ္စတန်သမ္မတရဲ့​ ဝက်ဆိုက်မှာ ​ကြေညာထား​ပါတယ်။

နှစ်နိုင်ငံအကြား​ ​ရေနံနဲ့​သဘာဝဓာတ်​ငွေ့​ ကဏ္ဍ​တွေမှာ ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ တိုး​မြှင့်​ဆောင်ရွက်ဖို့​နဲ့​ နှစ်နိုင်ငံစီး​ပွား​ရေး​ ကိုယ်စား​လှယ်​တွေ မကြာခဏ သွား​လာဖလှယ်ကြဖို့​လည်း​ ​ဆွေး​နွေး​ကြဖို့​ ရှိတယ်လို့​သိရပါတယ်။

ပါကစ္စတန်သမ္မတဟာ ​နောက်တ​နေ့​မှာ ရန်ကုန်ကို သွား​ရောက်ပြီး​ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို သူ့​ရဲ့​ ​နေအိမ်မှာ သွား​ရောက် ​တွေ့​ဆုံဖို့​ ရှိ​နေတယ်လို့​ ပါကစ္စတန်သမ္မတရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဖာဟာတူလာဘာဘာရဲ့​ ​ကြေညာချက်မှာ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အတွင်း​ရေး​မှူး​ အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆောင်ရွက်ချက်ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ပါကစ္စတန်ဝန်ကြီး​ချုပ်​ဟောင်း​ ဘာ​နေဇာဘူတို အထိမ်း​အမှတ် ဆုတံဆိပ်​ပေး​အပ်ဖို့​ ဆုချီး​မြှင့်​ရေး​အဖွဲ့​က ပုဂ္ဂိုလ်​တွေ လာ​ရောက်ဖို့​ ရှိတယ်လို့​ ​ပြောပါတယ်။

၂၀၀၇ ခုနှစ်က လုပ်ကြံခံခဲ့​ရတဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ဘနာဇီယာဘူတိုဟာ ​ဒေါ်​ဆောင်ဆန်း​စုကြည် ​နေအိမ် အကျယ်ချုပ်ကျခံ​နေစဉ်က ပြန်လွှတ်​ပေး​ဖို့​အာဆီယံ​ခေါင်း​ဆောင်​တွေကို စာ​ရေး​ ​တောင်း​ဆိုခဲ့​ဖူး​ပါတယ်။ ပါကစ္စတန်သမ္မတ ခရီး​စဉ်မှာ ပါကစ္စတန်ပြည်သူ့​ပါတီက ဥက္ကဋ္ဌ Bilawal Bhutto Zardari ဘာဘာဝယ်လ် ဘူတိုဇာဒါရီလည်း​ လိုက်ပါသွား​တယ်လို့​သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက် ​ဒေသတွင်း​နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေသာမက အ​နောက်နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေပါ မြန်မာနိုင်ငံကို ခပ်စိတ်စိတ် သွား​ရောက် လည်ပတ်​နေချိန်မှာ ပါကစ္စတန် ​ခေါင်း​ဆောင်​တွေ ​ရောက်ရှိလာတာ ဖြစ်ပါတယ်။

သမ္မတ ဦး​သိန်း​စိန်ရဲ့​ နိုင်ငံ​ရေး​ဆိုင်ရာ အကြံ​ပေး​ဒေါက်တာ ​နေဇင်လတ်က​တော့​ အခုလို နိုင်ငံတကာက အကြီး​အကဲ​တွေ မြန်မာနိုင်ငံကို အဆက်မပြတ် လာ​ရောက်လာရတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​ဖြစ်စဉ် တိုး​တက်ဖြစ်ထွန်း​မှုရဲ့​ ရလဒ်ဖြစ်ပြီး​ နှစ်နိုင်ငံအကြား​ စီး​ပွား​ရေး​နဲ့​ နိုင်ငံ​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ပိုအား​ကောင်း​လာမယ်လို့​ပြောပါတယ်။

“အခုကျ​နော်တို့​ နိုင်ငံ​ရေး​ဖြစ်စဉ်က တိုး​တက်မှုကို ​တော်​တော်​လေး​ ထင်သာမြင်သာ​လေး​ ရ​နေပြီ။ ​နောက်ပြီး​ အ​နောက်ဖက်က​နေ ဖိအား​တွေ ပိတ်ဆို့​မှု​တွေကလည်း​ တချို့​လည်း​ စပြီး​တော့​ ဖြုတ်မှာ​ပေါ့​၊​ အဲဒီ​တော့​ နိုင်ငံ တနိုင်ငံအ​နေနဲ့​က တစ်က ပုံမှန်အ​နေအထား​ကို ပြန်​ရောက်သွား​တာ​ပေါ့​။ အဲဒီအခါမှာ နိုင်ငံတကာဆက်ဆံ​ရေး​မှာ ပို​ကောင်း​လာပြီ။ ရင်း​နှီး​မြှုပ်နှံမှုကလည်း​ ပိုလာပြီ။ နှစ်နိုင်ငံမှာ အကြီး​အကဲ​တွေ တနိုင်ငံနဲ့​ တနိုင်ငံ လည်ပတ်ကြပြီဆိုတဲ့​ အချိန်မှာ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​လည်း​ ပါမယ်​လေ။ စီး​ပွား​ရေး​ ကတိကဝတ်​တွေလည်း​ ပါကြမယ်။ ဘာပဲ​ပြော​ပြော နှစ်နိုင်ငံက စီး​ပွား​ရေး​ ပူး​ပေါင်း​ ​ဆောင်ရွက်မှု​တွေ၊​ နိုင်ငံ​ရေး​ ရင်း​နှီး​မှု​တွေ ဒါ​တွေကျ​တော့​ ပိုအား​ကောင်း​လာမှာပါ။”

ပါကစ္စတန် မြန်မာ နှစ်နိုင်ငံဆက်ဆံ​ရေး​နဲ့​စီး​ပွား​ရေး​ အလား​အလား​တွေနဲ့​ ပတ်သက်ပြီး​ မြန်မာ့​ဓနစီး​ပွား​ရေး​ မဂ္ဂဇင်း​ အယ်ဒီတာ ဦး​သီဟ​စောက ခုလို သုံး​သပ် ​ပြောကြား​ပါတယ်။

“ကျ​နော်သိသ​လောက်​တော့​ နဂိုကတည်း​က ကုန်သွယ်မှုက ရှိပါတယ်။ ​ဆေး​ဝါး​တွေ​ပေါ့​။ သူတို့​ဘက်က သွင်း​တာ​တွေ ရှိတယ်။ ​နောက် စစ်​ရေး​ပေါ့​။ တပ်မ​တော်လည်း​ ဟိုး​အရင်တုန်း​က သူတို့​ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ရှိတယ်။ ရင်း​နှီး​မြုပ်နှံမှု​တော့​ ကျ​နော်တို့​ သိသ​လောက် သိပ်မရှိဘူး​။ လာမယ်ဆိုရင်​တော့​ သူ့​မှာရှိတဲ့​ နည်း​ပညာ​တွေနဲ့​ လာလို့​ရတာ​ပေါ့​။ နဂိုကတည်း​က ဆက်ဆံ​ရေး​က ဗမာက အိန္ဒိယနဲ့​ကော ပါကစ္စတန်နဲ့​ပါ မျှပြီး​တော့​ ဆက်ဆံထား​တော့​ တ​ယောက်က ခင်မင်ရင်း​နှီး​မှု ရှာ​တော့​ ​နောက်တ​ယောက်ကလည်း​ ရှာတာ​ပေါ့​။ အဲဒီသ​ဘောပဲ ရှိပါတယ်။ ကျ​နော်တို့​ ဒီမှာရှိတဲ့​ ​ရေနံရှာ​ဖွေ​ရေး​တို့​ ဘာတို့​မှာ စိတ်ဝင်စား​ကောင်း​ စိတ်ဝင်စား​မယ်။ ဒါ​ပေမယ့်​ လာတဲ့​ထဲမှာ​တော့​ ကိုယ့်​အိမ်နီး​ချင်း​ထဲမှာဆိုရင် သူက နည်း​နည်း​တောင် ​နောက်ကျ​သေး​တယ်လို့​ ​ပြောလို့​ရတယ်။”

ပါကစ္စတန်နိုင်ငံဟာ မြန်မာအပါဝင် အာဆီယံနိုင်ငံ​တွေနဲ့​လည်း​ လွတ်လပ်တဲ့​ ကုန်သွယ်မှု သ​ဘောတူ စာချုပ်​တွေ အပြီး​သတ် ချုပ်ဆိုချင်​နေတာ ဖြစ်ပါတယ်။ မြန်မာအစိုး​ရပိုင် သတင်း​စာ​တွေမှာ​တော့​ ပါကစ္စတန်သမ္မတရဲ့​ မြန်မာနိုင်ငံ ခရီး​စဉ်နဲ့​ပတ်သက်ပြီး​ ​ရေး​သား​ ​ဖော်ပြခြင်း​ မရှိ​သေး​ပါဘူး​။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013