Homeမွနျမာသတငျးလယ်ယာမြေ ပိုင်ဆိုင်ခွင့်ရရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ကံမမြို့နယ် စစ္စရံ ကျေးရွာမှာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို တောင်သူလယ်သမားများဘဝ တိုးတက်ရေးအင်အားစု အဖွဲ့ကနေ ကျေးရွာ ရွာလယ်လမ်းမပေါ်မှာ မနေ့က မဏ္ဍပ်ထိုးပြီး ကျင်းပခဲ့ပါတယ်။
တောင်သူလယ်သမားဘဝ ဖွံဖြိုးတိုးတက်ရေးနဲ့ လယ်ယာစီးပွား ဖွံဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲကို မကွေးတိုင်းနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက တောင်သူလယ်သမား ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်မှာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဌေးဦး တင်သွင်းတဲ့ ၂၀၁၁ လယ်ယာမြေဥပဒေ မူကြမ်းနဲ့ လက်ရှိဝန်ကြီး ဦးမြင့်လှိုင် တင်သွင်းတဲ့ မြေလွတ်မြေရိုင်းများ စီမန်ခန့်ခွဲမှု ဥပဒေကို ငြင်းဖျက်ဖို့အတွက် အခုလို တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို ကျင်းပရတာလို့ ပွဲစီစဉ်သူ တဦးဖြစ်တဲ့ ကိုမျိုးသန့်က ပြောပါတယ်။
“၂၀၁၁ လယ်ယာမြေဥပဒေ မူကြမ်းမှာ ဥပဒေပုဒ်မ ၂ မှာ ကတည်းက စပြီးတော့ လယ်ယာမြေ ဆိုသည်မှာ နိုင်ငံတော်မှ အလိုရှိသည့်အတိုင်း စီမံခန့်ခွဲနိုင်ခွင့်ရှိသည့် မြေတွေကိုခေါ်တယ် ဆိုတဲ့ အချက်လေးတချက်နဲ့တင်ပဲ တော်တော်လေး ပြည့်စုံလုံလောက်နေပြီ။ ဒီဥပဒေကို ငြင်းဖျက်ဖို့အတွက် လုံလောက်နေပြီလို့ ယူဆပါတယ်။
“တခြားအချက်တွေလည်း အများကြီးရှိပါတယ်။ နောက်ထပ် လယ်ဆည်ဝန်ကြီးက တင်တဲ့ မြေလွတ်မြေရိုင်းနဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေမှာလည်း အဲလိုပဲ အချက်တွေ အများကြီးရှိတယ်။ အဲဒီမှာဆိုရင် ကုမ္ပဏီကြီးတွေကို အထောက်အပံ့ပြုထားတဲ့ အချက်တွေမှာ ထင်ထင်ရှားရှား ဖြစ်တာဆိုလို့ မြေလွတ်မြေများကို လျှောက်ထားမယ်ဆိုရင် ကုမ္ပဏီကြီးများအတွက် တရားဝင်ဧက ၅၀၀၀ နဲ့အလီလီ၊ ဧက ၅၀,၀၀၀ ထိ ချပေးခွင့်ရှိတယ်။ လိုအပ်မယ်ဆိုရင် နိုင်ငံတော်သမ္မတရဲ့ အတည်ပြုချက်နဲ့ နောက်ထပ် ထပ်ပြီး ၅၀,၀၀၀ အထက် ထပ်ပြီးတော့ ပိုပေးလို့ ရသေးတယ်။ တနိုင်တပိုင် လယ်လုပ်မယ့် တောင်သူလယ်သမားတွေ အတွက်ကျတော့ ၁၀ ဧက ကို အဆင့်ဆင့် စိစစ်ပြီးတော့ ဖြတ်ပစ်ဆိုတဲ့ စကားရပ်နဲ့ ထည့်သုံးထားပြီးတော့ ၁၀ ဧကပဲ ပေးမယ်ဆိုတာမျိုး ပါတယ်။ ဒါကမြေခွဲဝေမှုမှာ လုံးဝ သမာသမတ် မကျတဲ့ ကိစ္စကြီးတွေ။”
အခုလို ကျင်းပခဲ့တဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို အာဏာပိုင်တွေ လာရောက် နှောင့်ယှက်တာ မရှိဘူးလို့လည်း သိရပါတယ်။
တောင်သူလယ်သမားများဘဝ တိုးတက်ရေး အင်အားစုအဖွဲ့ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီနှစ် ဒီဇင်ဘာလမှာ ပြည်ထဲရေးဝန်ကြီးဌာနကို အဖွဲ့အစည်း တရားဝင်ဖွဲ့စည်းဖို့ ခွင့်ပြုချက် တောင်းခံထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။