အမြန်လမ်းတွင် တပ်မတော်အရာရှိများ လိုက်ပါလာသည့်ယာဉ် တိမ်းမှောက်
DVB
·
April 27, 2017
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မြို့ချောင်းအမြန်လမ်းရဲစခန်းအပိုင်မိုင်တိုင်အမှတ် ၁၀၂/၂ နဲ့ ၁၀၂/၃ အကြားမှာ ဒီနေ့မနက် ၆ နာရီလောက်က တပ်မတော်အရာရှိတွေ မောင်းနှင်လာတဲ့ ယာဉ်တစီးတိမ်းမှောက်ခဲ့ပါတယ်။
“ကားကနောက်ဘီးပေါက်ပြီး မှောက်တာပါ။ ယာဉ်မောင်းကတော့ ခေါင်းပေါက်သွားတယ်။ မီးသတ်တပ်ဖွဲ့နဲ့ ကျနော်တို့စခန်းက သွားရောက်ကူညီခဲ့ပါတယ်" လို့ မြို့ချောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း ဒုအရာခံဗိုလ် သူရဇော်ဟိန်း မောင်းနှင်လာတဲ့ ယာဉ်ဟာ နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ အရာခံဗိုလ် သန်းလှိုင်နဲ့ ဒုအရာဗိုလ်တို့ ထိခိုက်ဒဏ်ရာမရရှိပေမယ့် ယာဉ်မောင်းကတော့ ဦးခေါင်းပေါက်ပြဲကာ အခြားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်မှာ ရှေ့နောက်ဘီး ၄ ဘီး ကွဲထွက်ကာ ရှေ့လေကာမှန်ကွဲကြေပြီး ဘောနက်ဖုံးနဲ့ အမိုးလည်း ပိန်ချိုင့်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းက ယာဉ်မောင်းနှင်သူ ဒုအရာခံဗိုလ် သူရဇော်ဟိန်းကို ရာဇသတ်ကြီးပုဒ်မ-၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-ကျော်အောင် (ကညွတ်ကွင်း)