Home
ဆောင်းပါး
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ကြိုးပမ်းအားထုတ်ခြင်း
DVB
·
April 27, 2017
  အတိတ်ရဲ့ ဒဏ်ရာတွေကို ချန်ထားခဲ့ပြီး ငြိမ်းချမ်းရေးဆီကို အရောက်သွားကြဖို့၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေး၊ အပြန်အလှန် ယုံကြည်မှုနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြဖို့ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ရဟန်းမင်းအမတ် ကာဒီနယ် ချားလ်စ်ဘိုက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက် ရန်ကုန်မှာကျင်းပတဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ကြိုးပမ်းအားထုတ်ခြင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောသွားတာပါ။ မိန့်ခွန်းအပြည့်အစုံ ငြိမ်းချမ်းပါစေ၊ Peace, Shalom, Shanthi, ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေထဲမှာ တယောက်အပါအဝင် ဖြစ်ရတဲ့အတွက်၊ သက်ဝင်ယုံကြည်မှု ဘာသာပေါင်းစုံ လက်တွဲပြီး ငြိမ်းချမ်းရေးတောင်ထိပ်ဆီကို အတူတကွ တက်လှမ်းခွင့်ရတဲ့အတွက် ကျွန်ုပ်အနေနဲ့ များစွာဂုဏ်ယူမိပါတယ်။ အခုအချိန်ဟာ မြန်မာပြည်အတွက်၊ မြန်မာပြည်သူ ပြည်သားများအတွက် အလွန်ကြီးမြတ်တဲ့ အခါသမယ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မဟာနိုင်ငံတော်ကြီးက အခုအချိန်ကို မျှော်လင့်စောင့်စားနေခဲ့တာ ကာလရှည်ကြာနေခဲ့ပါပြီ။ ကျွန်ုပ်တို့အားလုံးမှာ အမျိုးမျိုးသော ဘဝနောက်ခံအကြောင်းတွေ ရှိကြတယ်၊ အမျိုးမျိးသော သက်ဝင်ယုံကြည်မှုတွေရှိတဲ့ ဘာသာများဟာ အချင်းချင်း အပြန်အလှန် နားထောင်ပေးနိုင်ကြတယ်။ လက်ရှိမျိုးဆက်အတွက်သာမက နောင်လာနောင်သားများစွာအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးဖို့ နည်းလမ်းတွေ ရှာဖွေကြမယ်။ ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟာ နောက်ကျနေသလို ဖြစ်နေပါတယ်၊ ဒါပေမယ့် အခွင့်အခါသင့်တဲ့ အခါသမယလည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အတိတ်ကရခဲ့တဲ့ ဒဏ်ရာတွေကို ရေတွက်ဖို့ ဒီကိုရောက်လာကြတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးရဲ့ ကောင်းမြတ်ခြင်းတွေကို ရေတွက်ကြဖို့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဖြတ်ကျော်ခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို ပြန်ပြောနေဖို့မဟုတ်ဘဲ ကျွန်ုပ်တို့အတွက် အနာဂတ်မျိုးဆက်များစွာအတွက် ငြိမ်းချမ်းရေးရဲ့ ကတိများကို ရယူကြဖို့ ဒီနေရာကို ရောက်လာကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက "အတိတ်ဟာ ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ၊ သင်ဟာ အမြဲတမ်း အစက ပြန်စလို့ရပါတယ်" လို့ မိန့်မြွက်ခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ အတိတ်ရဲ့ဒဏ်ရာတွေကို ချန်ထားခဲ့ပြီး ငြိမ်းချမ်းရေးဆီကို အရောက်သွားချင်ပါတယ်။ မြန်မာပြည်ဟာ လက်တကမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးဆီ၊ အားနည်းသူများအတွက် တရားမျှတခြင်းနဲ့ လူအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ခြင်းတို့ဆီ ဦးတည်တဲ့ အလွန်မြင့်မြတ်တဲ့ ခရီးစဉ်တခုကို သွားနေပါတယ်။ လေးစားချစ်ခင်ရပါသော ညီအစ်ကို မောင်နှမအပေါင်းတို့… ဒီမြင့်မြတ်တဲ့ခရီးစဉ် အတွင်းမှာ မတူညီခြင်းများ၌ ကျွန်ုပ်တို့ရဲ့ စည်းလုံးခြင်းကို ကျွန်ုပ်တို့ အတူတကွ ကျင်းပနေခြင်းပဲ ဖြစ်ပါတယ်။ အခုလို စုရုံးခြင်းအားဖြင့် ဘာသာရေးဟာ ပဋိပက္ခတွေကို ဖြစ်စေတယ်လို့ ပြစ်တင်ဝေဖန်သူတွေဟာ မှားတယ်ဆိုတာ ကျွန်ုပ်တို့ သက်သေပြနိုင်ကြမှာ ဖြစ်ပါတယ်။ ဘာသာရေးဆိုတာ လူတယောက်ရဲ့ အတွင်းအပြင်ကို ငြိမ်းချမ်းစေတဲ့အရာ ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ အခိုင်အမာ ပြောပြဖို့ ဒီနေရာမှ စုရုံးနေကြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘုရား တရား အလွန်ကိုင်းရှိုင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို ဘာသာတရားကို ကြည်ညိုခြင်းမှာလည်း စိတ်အားအလွန်ထက်သန်တဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝတရားကို အခြေခံတဲ့ ဘာသာတရားတွေ ထွန်းကားရာမြေ၊ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားရာမြေ၊ ဝိပဿနာတရားတော် ထွန်းကားရာမြေ၊ အခြားသော ဘာသာတရားများစွာ တည်ရှိရာမြေ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများဟာ တရားဓမ္မရဲ့ သွန်သင်ဆုံးမပဲ့ပြင်မှုများကို အစဉ်နားထောင်ခဲ့ကြတယ်။ ထေကြီးဝါကြီး သံဃာတော်များနဲ့ ဘာသာရေး ခေါင်းဆောင်များစွာရဲ့ နမူနာယူစရာ အသက်တာနဲ့ သက်သေခံချက်များက ကျွန်ုပ်တို့ ပြည်သူပြည်သားများအပေါ်မှာ အဓွန့်ရှည်စွာ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။ လူ့သက်တမ်းတလျှောက် သမိုင်းဝင်ကာလ၊ လွန်ခဲ့တဲ့နှစ် ၂ ထောင်ကို ပြန်ကြည့်လိုက်ရင် ကမ္ဘာကြီးပေါ်မှာ အလုံးစုံသော ငြိမ်းချမ်းခြင်းဆိုတာ မရှိခဲ့ပါဘူး။ ယခု ကျွန်ုပ်တို့ စုရုံးပြီး ငြိမ်းချမ်းရေးစကား ပြောနေချိန်မှာတောင် အရှေ့အလယ်ပိုင်းဒေသမှာ လူသန်းပေါင်းများစွာဟာ စစ်ဘေးဒဏ်ခံနေကြရပါတယ်။ ကျွန်ုပ်တို့ လူသားသဘာဝ လုံ့လစိုက်ထုတ်နေတာက ငြိမ်းချမ်းစွာ အသက်ရှင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပဋိပက္ခတွေက လွှမ်းမိုးနေဆဲပါပဲ။ ညီအစ်ကိုအချင်းအချင်း ဆန့်ကျင်နေကြတယ်။ ကျွန်ုပ်တို့ သမ္မာကျမ်းစာရဲ့ ပထမဦးဆုံး ကျမ်းစာစောင်ဖြစ်တဲ့ ကမ္ဘာဦးကျမ်းရဲ့ အဦးဆုံးအပိုင်းမှာ အစ်ကိုဖြစ်တဲ့ ကိန်နက ညီဖြစ်သူ အာဘေလကို သတ်တဲ့အကြောင်း ဖတ်ရတယ်။ အဲဒီအဖြစ်မျိုးတွေ အခုချိန်ထိ ကမ္ဘာ့နေရာအနှံ့မှာ ဆက်ဖြစ်နေဆဲပါပဲ။ ကမ္ဘာဦးအစကတည်းက လူတွေဟာ အမုန်းတရားနဲ့သာ ကျင်လည်နေခဲ့သလားလို့ ထင်မှတ်စရာ ဖြစ်ပါတယ်။ အာဏာ၊ ဥစ္စာဓနနဲ့ သူတပါးကို နိုင့်ထက်စီးနင်း ဗိုလ်ကျ ချုပ်ကိုင်လိုစိတ် စတာတွေက နိုင်ငံပေါင်းများစွာမှာ သွေးမြေကျစေခဲ့ပါတယ်။ ၂၀ ရာစုနှစ် တစုတည်းမှာပဲ လူ သန်းပေါင်း ၁၃၀ ကျော်ဟာ စစ်ကြောင့် သေခဲ့ကြရတယ်။ နိုင်ငံများစွာမှာ အာဏာတုပြိုင်မှုတွေကြောင့် လူပေါင်း ဘယ်လောက် သေခဲ့ကြပြီလဲ၊ နောက်ထပ် ဘယ်လောက် ထပ်သေကြဦးမှာလဲ ကျွန်ုပ်တို့ မခန့်မှန်းနိုင်ပါဘူး။ ကြီးမြတ်တဲ့ ဘာသာတရားတွေက ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ကြတယ်။ အရှင်ဗုဒ္ဓရဲ့ သနားကြင်နာခြင်းနဲ့ ကရုဏာပွားများရေး သွန်သင်ဆုံးမမှုတွေက ငြိမ်းချမ်းရေးကို ရယူနိုင်ဖို့ များစွာ အထောက်အကူပြုပါတယ်။ ဗုဒ္ဓဘာသာက သတ္တဝါအပေါင်းအပေါ် မေတ္တာထားဖို့ သွန်သင်တယ်။ သတ္တဝါတွေသာမက အသက်ရှိသမျှတွေ၊ ဥပမာ သစ်ပင်ပန်းပင်တွေကိုပါ မေတ္တာထားစေတယ်။ ဒီနိုင်ငံအတွင်းမှာ သက်ရှိသတ္တဝါအပေါင်းတို့အား သနားကြင်နာမှုကို ပေးပါဆိုတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်ကို ဟောကြားဖြန့်ဝေနိုင်တဲ့ ရဟန်းတော်ပေါင်း ၅ သိန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဒီမေတ္တာ ကရုဏာ တရားတော်ကို လူအများကျင့်သုံးတဲ့တရားဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။ ဗုဒ္ဓဘာသာဝင် သီလရှင်ပေါင်း ၇ သောင်း ရှိတယ်လို့လည်း သိရပါတယ်။ အခြားဘာသာတွေမှာလည်း ဘာသာရေးခေါင်းဆောင်တွေ အခိုင်အမာ ရှိပါတယ်။ ကက်သလစ်ခရစ်ယာန်ဘာသာမှာ ဆရာတော်ကြီး အပါး ၂၀ နဲ့ ဘုန်းတော်ကြီးပေါင်း အပါး ၇၀၀ ကျော်၊ သီလရှင်ပေါင်း ၂၅၀၀ ကျော် ရှိပါတယ်။ ဒီလိုပဲ အချိန်ပြည့် ဘုရားတရားအတွက် ဆက်ကပ်ထားတဲ့ ကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာတရား၊ အစေခံခြင်းတရားနဲ့ အချင်းချင်း မျှဝေတတ်ခြင်းတရားတို့ကို နေ့စဉ်နေ့တိုင်း ဟောပြောခွင့်ရှိကြပါတယ်။ ဒီညီလာခံကလည်း ဒီလို ဟောပြောပိုင်ခွင့်ရှိတဲ့ ဘာသာရေးခေါင်းဆောင်များ အတူလာကြပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုရင်း ဒီနိုင်ငံအတွင်းမှာ ဘာသာရေးက ငြိမ်းချမ်းရေးကို ဘယ်လိုမြှင့်တင်နိုင်သလဲ၊ အပြန်အလှန်နားလည်မှု တည်ဆောက်တဲ့နေရာမှာ တာဝန်ရှိသူတွေကို ဘာသာရေးက ဘယ်လိုဘယ်ပုံ အထောက်အကူပြုနိုင်မှာလဲ ဆိုတာတွေကို နည်းလမ်းရှာကြဖို့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ နိုင်ငံရေးသမားတွေလို စုရုံးနေကြတာ မဟုတ်ဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေလို လာရောက်ကြတာလည်း မဟုတ်ဘူး။ ကျွန်ုပ်တို့ဟာ လူသားအားလုံးရဲ့ ကောင်းကျိုးကို မျှော်ကိုးနေကြတဲ့ ဘာသာ၊ သာသနာရဲ့ ဝန်ထမ်းများသာ ဖြစ်ကြတယ်။ ကျွန်ုပ်အနေနဲ့ အခု ပြောကြားနေတာက လာမယ့် ၂ ရက်တာအတွင်း စဉ်းစား ဆွေးနွေးဖို့အတွက် အစပြုပေးခြင်းသာ ဖြစ်ပါတယ်။ အဲ့ဒါအတွက် ကျွန်ုပ်ပေးချင်တဲ့ သတင်းစကားက "ချစ်လှစွာသော မြန်မာပြည်သူပြည်သားတို့ ငြိမ်းချမ်းရေးသည်သာ လမ်းစဉ်ဖြစ်တယ်၊ ငြိမ်းချမ်းရေးသည်သာ တခုတည်းသော လမ်းစဉ်ဖြစ်တယ်။ တယောက်ကိုတယောက် နာကျင်အောင် မလုပ်တော့ဘဲ တယောက်ကိုတယောက် ကုသပေးကြပါစို့။" အခြားသော ညီအစ်ကိုများကလည်း သူတို့ဘာသာတရားရဲ့ ငြိမ်းချမ်းရေးအတွက် သွန်သင်ချက်များကို အခြေခံပြီး ဒီသတင်းစကားကို ပိုမိုပီပြင်လာအောင် ဝေမျှ ဟောပြောကြပါလိမ့်မယ်။ ကိုယ့်ရဲ့အမြင်ကို ထုတ်ဖော်ဝေမျှဖို့ အားလုံးကို အခွင့်အရေးပေးမှာပါ။ ကျွန်ုပ်က ကက်သလစ်ခရစ်ယာန်ရဲ့ သွန်သင်မှု ထုံးတမ်းဓလေ့ကနေ လာတာဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းခြင်းဆိုတာ တရားမျှတခြင်းကနေ မွေးဖွားလာပြီး ချစ်ခြင်းမေတ္တာမှာ ကြီးပြင်းလာပါတယ်။ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတခု တည်ဆောက်ဖို့ တရားမျှတခြင်းနဲ့အတူ ချစ်ခြင်းမေတ္တာလည်း အစဉ်အမြဲ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးကို မြှင့်တင်ခြင်းဆိုတာ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ဒွန်တွဲနေပါတယ်။ ခရစ်တော်ရဲ့ မွေးဖွားခြင်းမှာ "လူသားအားလုံး ငြိမ်းချမ်းပါစေ" ဆိုတဲ့သတင်းကို လွင့်ပျံစေခဲ့သလို သေခြင်းမှ ပြန်လည် ရှင်ပြန်ထမြောက်တဲ့ အချိန်မှာလည်း "သင်တို့၌ ငြိမ်သက်ခြင်း ရှိပါစေ" ဆိုတဲ့ သတင်းစကားကို ပေးခဲ့ပါတယ်။ သခင်ခရစ်တော်က "ငြိမ်းချမ်းခြင်းကို ဖော်ဆောင်သောသူတို့သည် မင်္ဂလာရှိကြ၏" လို့ မိန့်ဆိုခဲ့ပါတယ်။ အီတလီနိုင်ငံ အစီစီမြို့သား ရဟန္တာ ဖရန်စစ်က "အိုသခင် ကျွန်ုပ်အား ကိုယ်တော်၏ ငြိမ်းချမ်းရေးတမန်တော် ဖြစ်စေတော်မူပါ၊ မုန်းတီးခြင်းနေရာတွင် ချစ်ခြင်းကို ဆောင်ယူခွင့်ပြုတော်မူပါ" လို့ တောင်းလျှောက်ခဲ့တယ်။ သူနဲ့အတူတူ ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားများလည်း ယနေ့ ဆုတောင်းကြပါတယ်။ အကြမ်းမဖက်မူဝါဒကို လက်ကိုင်ထားခဲ့တဲ့ မဟတ္တမဂန္ဒီဟာလည်း ခရစ်တော်ရဲ့ တရားဒေသနာကနေ နည်းလမ်းတွေရခဲ့တယ်လို့ ဆိုပါတယ်။ ကက်သလစ်ခရစ်ယာန်တဦးအနေနဲ့ ကျွန်ုပ်တို့ ဒီနိုင်ငံ ငြိမ်းချမ်းစေဖို့ ကျွန်ုပ်တို့ ကြိုးစားနေပါတယ်။ ဒီမှာ စုရုံးနေကြသူအားလုံးကို  "အကျွန်ုပ်အား ငြိမ်းချမ်းခြင်းတမန်တော် ဖြစ်စေတော်မူပါ၊ အမုန်းတရားရှိသောနေရာတွင် ချစ်ခြင်းမေတ္တာကို ဆောင်ယူခွင့်ပြုပါ" လို့  ရဟန္တာ ဖရန်စစ်နဲ့အတူ ဆုတောင်းကြဖို့ ဖိတ်ခေါ်ပါရစေ။ ၁။ အတိတ်ဟာ ဒဏ်ရာတွေ ပြည့်နှက်နေပေမယ့် ဘာသာရေးက မျှော်လင့်ချက် ရောင်ခြည်သန်းစေဖို့ နိုင်ငံတနိုင်ငံကို ကုသပေးနိုင်တယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံဟာ ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့နိုင်ငံတခု ဖြစ်ပါတယ်။ ရွှေမြန်မာလို့ အမည်တွင်ပြီး ရွှေအဆင်းထုံသင်းတဲ့ ရွှေမြေ ဖြစ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေနဲ့ ပြည့်ဝနေပါတယ်။ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဘုရားသခင်နဲ့ သဘာဝတရားက ကျွန်ုပ်တို့တဦးစီကို လူချမ်းသာတွေဖြစ်အောင် မျက်နှာသာပေးပြီး လုံလုံလောက်လောက် ပံ့ပိုးထားပါတယ်။ ကျွန်ုပ်တို့နိုင်ငံရဲ့ သာယာလှပမှုတွေ၊ သဘာဝသယံဇာတ ပေါကြွယ်ဝမှုတွေကို အခြား နိုင်ငံများစွာက မျက်စိကျရုံမက မနာလိုလည်း ဖြစ်နေကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေအပြင် ဒီနိုင်ငံမှာ အလွန်ဘုန်းကြီးတဲ့ တရားဓမ္မကျင့်စဉ်တွေ ရှိပါတယ်။ ကမ္ဘာမှာ မြန်မာဆိုရင် ဧည့်ဝတ်ပျူငှာကြသူတွေ၊ အလွန်ပဲ ကျက်သရေမင်္ဂလာရှိတဲ့သူတွေလို့ သိထားကြပါတယ်။ ဒီကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်ဝနေသော်ငြားလည်း ကျွန်ုပ်တို့မှာ ဒဏ်ရာများစွာနဲ့ နာကျင်နေတဲ့ သမိုင်းတခု ရှိနေပါတယ်။ ဒီနိုင်ငံကို ထူထောင်ခဲ့တဲ့သူတွေဟာ အမုန်းတရားနဲ့ လုပ်ကြံခံခဲ့ကြရတယ်။ လွန်ခဲတဲ့ အနှစ် ၆၀ က စခဲ့တဲ့ ပဋိပက္ခမီးတောက်က နိုင်ငံရဲ့ နေရာအနှံ့မှာ ဆက်လက်လောင်နေဆဲ ဖြစ်တယ်။ စစ်ကြောင့်သေခဲ့ရတဲ့ လူစာရင်းက စိတ်မချမ်းမြေ့စရာပါ။ ကျွန်ုပ်တို့နိုင်ငံရဲ့ နေရာအနှံ့မှာ လူငယ်လေးများစွာကို ပိုင်ရှင်မဲ့ သင်္ချိုင်းတွေထဲမှာ အမုန်းတရားက မြှုပ်နှံထားပါတယ်။ ထောင်ပေါင်းများစွာဟာ စစ်ပြေးဒုက္ခသည် ဖြစ်နေတယ်၊ သန်းချီတဲ့ ပြည်သူတွေဟာ ခိုကိုးရာမဲ့ဘဝ ရောက်နေတယ်။ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေက တချိန်က ချမ်းသာကြွယ်ဝဆုံးဖြစ်တဲ့ နိုင်ငံကို ဒေသအတွင်းမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်စေခဲ့တယ်။ ထောင်ပေါင်းများစွာသော ကျွန်ုပ်တို့ရဲ့ လူငယ်မောင်မယ်တွေဟာ ခေတ်သစ်ကျေးကျွန်တွေအဖြစ်နဲ့ နိုင်ငံနဲ့ဝေးရာဆီကို စေလွှတ်ခံနေရတယ်။ မူးယစ်ဆေးဝါးက အသံတိတ်ဆိတ်စွာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ်။ ကျွန်ုပ်တို့ဟာ အမုန်းတရားတွေနဲ့ တယောက်ကိုတယောက် နာကျင်စေနေကြဦးမလား။ ကျွန်ုပ်တို့ လူသားတွေအချင်းချင်း ကုသမပေးနိုင်ကြတော့ဘူးလား။ အမုန်းစကားတွေနဲ့ အမုန်းတရားကို ဖြန့်နေသူတွေကို ငြိမ်းချမ်းခြင်းရဲ့ တမန်တွေဖြစ်အောင် မစွမ်းဆောင်နိုင်တော့ဘူးလား။ လူတယောက်ကို ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓအဖြစ် ခွဲခြားမမြင်ဘဲ နိုင်ငံအတွင်းမှာ အတူနေကြတဲ့ တအူထုံ့ဆင်း ညီရင်းအစ်ကိုတွေအဖြစ် မြင်တတ်အောင် ဘာသာရေးက အထောက်အကူ မပေးနိုင်တော့ဘူးလား။ ဒီနိုင်ငံတော်ကြီးက လူတိုင်းကို ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ခြင်းကို မပေးနိုင်တော့ဘူးလား။ ကျွန်ုပ်တို့ ဒီနေရာမှာ စုရုံးနေကြခြင်းဟာ ဒီနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ဖော်ဆာင်ဖို့အတွက် အားထုတ်မှုတရပ် ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ လူသားအချင်းချင်း အမုန်းပွားမှုမရှိဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် ဘေးဒုက္ခရောက်ကြတဲ့အချိန်မှာ ထင်ရှားပါတယ်။ နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရစဉ်အချိန်က ဗုဒ္ဓဘာသာ ရဟန်းတော်များက ခွဲခြားမှုမရှိဘဲ လူတိုင်းကို ကယ်တင်ခဲ့တယ်၊ ခရစ်ယာန်အဖွဲ့အစည်းပေါင်းစုံကလည်း လူတိုင်းကို ကျောသားရင်သား မခွဲခြားဘဲ ထောက်ပံ့ရေးပစ္စည်းတွေ ဝေခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ သနားကရုဏာဟာ အားလုံးပါဝင်ယုံကြည်တဲ့ ဘာသာတခုလို့ ဆိုနိုင်ပါတယ်။ ဒီအထဲမှာ သာမန်ပြည်သူပြည်သားအားလုံး ပါဝင်လာအောင် ကျွန်ုပ်တို့ ကြိုးစားကြဖို့လိုပါတယ်။ ပြည်သူပြည်သားတွေရဲ့ အသံကို ငြိမ်းချမ်းရေးညီလာခံအထိ ရောက်အောင် ပို့ပေးဖို့လိုပါတယ်။ ကျွန်ုပ်တို့ရဲ့ နိုင်ငံခေါင်းဆောင်များဟာ ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းအားဖြင့် ခေါင်းဆောင်များအားလုံးကို အတူစုရုံးဖို့ ကြိုးစားနေပါတယ်။ အဲဒီအားထုတ်မှုကို ကျွန်ုပ်တို့ ကြိုဆိုပါတယ်။ ကျွန်ုပ်တို့ အခုလို စုရုံးရတာကလည်း အာဏာရှိသူတွေ၊ လူတိုင်းအတွက် ဆုံးဖြတ်ချက်ချနေကြတဲ့ ကိုယ်စားလှယ်တွေကို သိစေချင်လို့ ဖြစ်ပါတယ်။ ဒီနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဘာသာတိုင်းက ငြိမ်းချမ်းရေးကို လိုလားတယ်၊ အစိုးရနဲ့ရော အစိုးရမဟုတ်သော အဖွဲ့တွေနဲ့ပါ လက်တွဲပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်ပါတယ်ဆိုတာ နိုင်ငံရေးအာဏာ ရှိသူများကို သိစေချင်ပါတယ်။ ပြည်သူပြည်သားများရဲ့ အသံကို ငြိမ်းချမ်းရေး ညီလာခံတိုင်း၊ ဆွေးနွေးပွဲတိုင်းက ကြားနိုင်ပါစေ။ ကျွန်ုပ်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တားဆီးဟန့်တားနေတဲ့ အကြောင်းအချက် တချို့ကို မီးမောင်းထိုးပြချင်ပါတယ်။ ဂျွန်အက်ဖ်ကနေဒီ (John F Kennendy) က အခုလို ပြောခဲ့ပါတယ်။ "သမိုင်းရဲ့ အမှားအယွင်းတွေကနေ သင်ခန်းစာမယူတတ်သူတွေဟာ အဲ့ဒီအမှားတွေကို ပြန်ကျူးလွန်မယ့်သူတွေ ဖြစ်တယ်" ဒီနိုင်ငံဟာ ငြိမ်းချမ်းရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက စောင့်မျှော်နေခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်အထက်မှာ ပိတ်နေတဲ့ အတားအဆီးတွေကို ပယ်ရှားပြီး ငြိမ်းချမ်းရေးလုပ်စဉ်များကို အမှန်တကယ် အားစိုက် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ၂။ ငြိမ်းချမ်းရေး လမ်းစဉ်အား ပိတ်ထားသော အဓိက အတားအဆီးများ ၁) ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ဘာသာရေးကို အမုန်းပွားရေးအတွက် တလွဲအသုံးချခြင်း၊ အကြမ်းဖက်တဲ့ ဘာသာတရားဆိုတာ မရှိပါဘူး။ ဘာသာတိုင်းက ငြိမ်းချမ်းရေးနဲ့ သဟဇာတကို သွန်သင်ကြပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ဓလေ့ထုံးစံတွေကို လူတွေအကြားမှာ တို့မီး ရှို့မီးလုပ်ဖို့ အသုံးချခံတဲ့အခါတွေလည်း ရှိပါတယ်။ ဒီနေရာမှာ စုရုံးပြီးနေကြတဲ့ ကျွန်ုပ်တို့အားလုံးက လူတဦးတယောက်ကို၊ ဘာသာရေးကို ဦးတည်တိုက်ခိုက်တဲ့ အမုန်းစကားတွေကို ဆန့်ကျင်ဖို့ လိုပါတယ်။ အမုန်းတရားနဲ့ ဘာသာရေးဆိုတာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ၂) မတူညီခြင်း၏ ဂုဏ်သိက္ခာကို ငြင်းပယ်ခြင်း၊ မတူညီခြင်းတွေကို အတူစုစည်းလိုက်တဲ့အခါ ကြီးမားတဲ့ ခွန်အားတခု ဖြစ်လာတယ် ဆိုတာကို နိုင်ငံများက သက်သေပြနေပါတယ်။ အမေရိက၊ ဥရောပနဲ့ ကမ္ဘာ့နိုင်ငံများစွာက မတူညီခြင်းရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြု နေထိုင်ကြပါတယ်။ မတူညီခြင်းတွေကို စုစည်းလိုက်တဲ့အခါ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ခွန်အား ဖြစ်လာပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတခုကို၊ ဘာသာတခုကို၊ လူတစုကို မျက်နှာသာပေးမယ်ဆိုရင် မကျေနပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာ တိုင်းရင်းသားပေါင်း ၁၀၀ ကျော် အတူတကွ နေထိုင်ကြပါတယ်။ အလွန်ကို အရောင်အသွေးစုံစွာ ကြွယ်ဝလှပါတယ်။ ဒါတွေကို ကျွန်ုပ်တို့ရဲ့ ခွန်အား မဟုတ်ဘူးလား။ ၃) သယံဇာတ ကျိန်စာ၊ မြန်မာနိုင်ငံအရေးကို သုံးသပ်ရေးသူ အတော်များများက မြန်မာပြည်ရဲ့ ပဋိပက္ခတွေဟာ သယံဇာတလုတဲ့ စစ်ပွဲတွေကြောင့် အတောမသတ်နိုင်ခြင်း ဖြစ်တယ်လို့ ရေးသားကြပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာ ရွှေ၊ ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေနံ စသဖြင့် သယံဇာတ အလွန်ပေါကြွယ်ဝပါတယ်။ ဒါတွေကို ကိုင်တွယ်သုံးစွဲတဲ့နေရာမှာ ထင်သာမြင်သာ မရှိတာတွေ၊ လူတချို့ရဲ့ လောဘလွန်ကဲမှုတွေ၊ ခရိုနီစီပွားရေး ကုမ္ပဏီတွေကြောင့် နေရာအနှံ့မှာ ပဋိပက္ခတွေဟာ သက်ဆိုးရှည်နေပါတယ်။ နိုင်ငံတော်အနေနဲ့ စီပွားရေး ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပထမပင်လုံညီလာခံမှာ ဒီအရေးကို ဆွေးနွေးဖို့ အသင့်ရှိခဲ့ပါတယ်။ မြန်မာပြည်ရဲ့ သယံဇာတွေကို မြန်မာလူမျိုးများသာ ပိုင်ဆိုင်ပါတယ်။ ၄) ခေတ်သစ် စီးပွားရေးစနစ်၏ မညီမျှသော အကျိုးအမြတ်၊ ခေတ်သစ် စီးပွားရေးစနစ်က လူအနည်းကိုသာ အကျိုးအမြတ်ခံစားစေပြီး ထောင်ပေါင်းများစွာသော လူတွေကို ဆင်းရဲတွင်းနက်စေပါတယ်။ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီဆိုတဲ့ ဒီနိုင်ငံမှာ သယံဇာတတွေဟာ ကုမ္ပဏီကြီးတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက်သေးပါဘူး။ အာဏာရှိသူတွေ၊ ချမ်းသာကြွယ်ဝသူတွေက မြေသိမ်း ယာသိမ်း လုပ်နေဆဲ၊ ခရိုနီတွေက အားကောင်းနေဆဲ ဆင်းရဲသားတွေ၊ ဥစ္စာပစ္စည်းမဲ့သူတွေမှာတော့ ခွဲခြားဆက်ဆံခံနေရဆဲပါပဲ။ ၅) လက်နက်အားကိုးခြင်း - အကြမ်းဖက်ခြင်း - စစ်ပွဲများ၊ လွန်ခဲ့တဲ့ အနှစ် ၆၀ လုံးလုံး ပဋိပက္ခမှာ ပါဝင်သူတွေက လက်နက်ကိုင်စွဲခြင်းသည်သာ အာဏာမြဲစေမည့် တခုတည်းသော နည်းလမ်းအဖြစ် မှတ်ယူကျင့်သုံးခဲ့ကြတယ်။ အချို့က ငြိမ်းချမ်းရေး လက်မှတ်ထိုးကြပေမယ့် အချို့က သံသယစိတ်ကို ဆွဲဆန့်ပြီး လက်နက်ကိုသာ အားကိုးနေကြဆဲ ဖြစ်တယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေက ဘာအဖြေမှ ထုတ်မပေးနိုင်ပါဘူး၊ ဆင်းရဲသားတွေအတွက် စိတ်ကြေကွဲခြင်းတွေနဲ့ အိမ်ခြေမဲ့တဲ့ ဘဝကိုသာ ဖန်တီးပေးခဲ့ပါတယ်။ ၃၊ ဘာသာရေး၏ အခန်းကဏ္ဍ - ဒီနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဘာသာရေးက ဘာလုပ်ပေးနိုင်မလဲ -      ဘာသာရေး - လူသားပီသစေခြင်း - ညီအစ်ကိုမောင်နှမ စိတ်ထား မျက်စိအစား မျက်စိ ဆိုတဲ့ကျင့်ထုံးက တကမ္ဘာလုံးကို အကန်းတွေဖြစ်စေမယ်လို့ ဂန္ဒီက ဆိုခဲ့ပါတယ်။ အမုန်းတရားဆိုတာ လူသားထုထဲမှာ လောက်မြိုက်ဖို့ စောင့်နေတဲ့ တိရစ္ဆာန် သဘောသဘာဝ ဖြစ်ပါတယ်။ အမြင်ကျဉ်းမြောင်းတဲ့ ခေါင်းဆောင်တွေက ဘာသာရေးကို အမုန်းတရားမီးမွှေးဖို့ အသုံးချပါတယ်။ ဘာသာတရားက လူသားတွေကြားမှာ သဟဇာတဖြစ်စေဖို့ တည်ရှိနေခြင်း ဖြစ်ပါတယ်။ လက်စားချေ တုံ့ပြန်ခြင်းကို သင်မပေးပါဘူး။ ဒဿနိကဗေဒပညာရှင် ကာရင် အမ်းစထရောင်း (Karen Armstrong) က ဘာသာရေးဆိုတာ သွေးစီးချောင်းတွေ ဖန်တီးဖို့အတွက် သုံးလို့မရပါဘူးလို့ သတိပေးခဲ့ပါတယ်။ ဘာသာရေးက ညီအစ်ကို မောင်နှမ စိတ်ထားများကို ဆောက်တည်ဖို့အတွက် ကတိကဝတ်အပြည့်နဲ့ ဖော်ဆောင်နေပါတယ်။
  • ဘာသာအားလုံးက အတွင်းစိတ်နဲ့ အပြင်ဘဝ ငြိမ်းချမ်းရေးကို သင်ကြားပါတယ် (ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူနဲ့ ခရစ်ယာန်)
အရှင်ဗုဒ္ဓက "ပြင်ပငြိမ်းချမ်းခြင်းဆိုတာ အတွင်းစိတ် ငြိမ်းချမ်းခြင်းက လာတယ်" လို့ အစဉ်သွန်သင်ခဲ့ပါတယ်။ အတွင်းစိတ် ငြိမ်းချမ်းဖို့အတွက် လူ့သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ တပ်မက်တဲ့ စိတ်ရိုင်းတွေကို ထိန်းချုပ်နိုင်စွမ်းရှိဖို့ ကမ္မဋ္ဌာန်းရှုတတ်ဖို့ သင်ပေးခဲ့တယ်။ ဗုဒ္ဓဘာသာက ငြိမ်းချမ်းရေးကို အခိုင်အမာ ရှေးရှုပါတယ်။ မေတ္တာနဲ့ ကရုဏာဟာ ဗုဒ္ဓဘာသာရဲ့ မျက်ဝန်းတစုံ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အတွေးစိတ်ကလေးတောင် ဗုဒ္ဓဘာသာက လက်မခံပါဘူး။ ခရစ်တော်သခင်က ငြိမ်းချမ်းရေးကို ဖော်ဆောင်သူတို့သည် မင်္ဂလာရှိကြ၏လို့ ပြောထားပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လုပ်ငန်းဟာ ခရစ်ယာန်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာက သူ့ဘာသာဝင်တွေကို ဆုံးမသွန်သင်တာက "အကယ်၍ တစုံတယောက်က သင့်ကို နာကျင်အောင် တစုံတခုလုပ်သော် မည်သူတဦးတယောက်ကိုမျှ ဤကဲ့သို့ နာကျင်အောင် မပြုလုပ်ပါဟု အလ္လာအရှင်မြတ်ထံနှင့် သင့်ကိုသင် ကတိပြုပါ။ ဟိန္ဒူဘာသာက ငြိမ်းချမ်းခြင်းဆိုတဲ့ "Shanti" ကို မြင့်မြတ်သော ဘုရားအဖြစ် ရှိခိုးပါတယ်။ ဘာသာအားလုံးဟာ ငြိမ်းချမ်းခြင်းအတွက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ နိုင်ငံသားအားလုံးဟာ ဘာသာတခုခုကို သက်ဝင်ယုံကြည်သူတွေ ဖြစ်ကြပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားတွေ၊ တပ်မတော်သားတွေ၊ အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ ကိုယ့်ဘာသာကို အခိုင်အမာ ယုံကြည်သူတွေ ဖြစ်ကြပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်နေတဲ့ စစ်ပွဲအကြောင်း ဘယ်လိုပြောကြမလဲ? ဘာသာရေးက ကျွန်ုပ်တို့ တိုင်းသူပြည်သားတွေကို ဖျက်ဆီးခဲ့တာလား?
  • အခြေခံလူတန်းစားတို့၏ ငြိမ်းချမ်းရေးအတွက် ဘာသာရေး၏ ကဏ္ဍ
မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းသူတွေ ဖြစ်ကြပါတယ်။ အဲဒါကြောင့် အောက်ခြေလူတန်းစာတွေနဲ့ နေ့စဉ် ထိတွေ့နေရတဲ့ ဘာသာရေးခေါင်းဆောင်များအနေနဲ့ သူတို့အကြားမှာ ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတတ်သောစိတ် ထားရှိစေရေးအတွက် စွမ်းဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ဘာသာပေါင်းစုံ မကြာခဏ စုရုံးခြင်းအားဖြင့် အချင်းချင်း အပြန်အလှန် ဆွေးနွေးတတ်ပြီး အပြန်အလှန်နားလည်မှုတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ လူတွေအချင်းချင်းအကြား အပြန်အလှန်ဆွေးနွေးမှု မရှိဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။ အောက်ခြေလူတန်စားတွေအကြားမှာ ဖြစ်တည်နေတဲ့ ငြိမ်းချမ်းရေးက နောင်ကျင်းပမယ့် ပင်လုံညီလာခံတွေကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဘာသာရေးခေါင်းဆောင်များမှာ ဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပါဝင်ပေးဖို့ တာဝန်ရှိပါတယ်။
  • ဒီနိုင်ငံအတွင်းမှာ တသက်တာ ဆက်ကပ်ထားတဲ့ သာသနာ့ဝန်ထမ်းများ (ရဟန်း၊ ဘုန်းကြီး၊ သီလရှင်) များဟာ လက်နက်ကိုင်အဖွဲ့ဝင်များထက် ပိုများပါတယ်။ ငြိမ်းချမ်းရေး စစ်သည်တော်များအဖြစ် ဖွဲ့စည်းတည်ဆောက်ကြပါစို့။
မြန်မာ့တပ်မတော်ဟာ အင်အား ၅ သိန်းဝန်းကျင်ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း သောင်းဂဏန်းရှိပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေက ၅ သိန်းကျော် ရှိပါတယ်။ သီလရှင် ၇ သောင်း ရှိတယ်။ ခရစ်ယာန်သတင်းတော်များမှာ သင်းအုပ်ဆရာတွေ ထောင်ချီရှိပါတယ်။ ကက်သလစ်အသင်းတော်မှာ ဘုန်းတော်ကြီး ၇၀၀ နဲ့ သီလရှင် ၂၃၀၀ ရှိပါတယ်။ ဒီသူတွေ အကုန်ပေါင်းလိုက်ရင် လက်နက်အားကိုးပြီး လက်နက်နဲ့သာ အဖြေရှာချင်သူတွေထက် ပိုများပါတယ်။ ငြိမ်းချမ်းရေးတပ်မတော်ဖြစ်တဲ့ ကျွန်ုပ်တို့က အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်းမှာ၊ အပြန်အလှန် ယုံကြည်မှုမှာ အမိမြန်မာနိုင်ငံဟာ ငြိမ်းချမ်းခြင်းရနိုင်တယ် ဆိုတာကို သက်သေပြသဖို့ လိုပါတယ်။ အကြမ်းဖက်ခြင်းနဲ့ အဖြေရှာတဲ့အချိန် ကုန်လွန်ပါပြီ။ အားလုံးအတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြဖို့ အချိန်တန်ပါပြီ။ ညီလာခံမှ ချမှတ်လိုသည့် လမ်းပြမြေပုံ အခုကျင်းပတဲ့ ညီလာခံဟာ ပထမဦးဆုံးသော ညီလာခံ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ခရီးအရှည်ကြီး သွားရဦးမယ်ဆိုတာ အသိအမှတ်ပြုကြပါတယ်။ အဲဒီခရီးရှည်ကြီးကို ဘယ်လိုဘယ်ပုံ သွားကြမလဲဆိုတာ ဒီညီလာခံမှာ မြေပုံတခု ရေးဆွဲလိုပါတယ်။ ဒီ ၂ ရက်တာအတွင်းမှာ ကဏ္ဍပေါင်းစုံက မိန့်ခွန်းတွေ နားထောင်ကြမယ်၊ အဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်းကြမယ်။ ဘာသာပေါင်းစုံ စုစည်းကြိုးပမ်းမှု ဖြစ်တဲ့အတွက်ကြောင့် ဘာသာပေါင်းစုံက မြန်မာပြည်ငြိမ်းချမ်းရေးအပေါ် ထားရှိတဲ့ အမြင်တွေကို နားထောင်ကြမယ်။ အခြား အသင်းအဖွဲ့တွေရဲ့ ခေါင်းဆောင်များလည်း ပါဝင်တဲ့အတွက်ကြောင့် သူတို့ရဲ့ အယူအဆအမြင်များကိုလည်း နားထောင်ကြမယ်။ ဒီညီလာခံမှာ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်အချို့ကို ကျွန်ုပ် မြင်မိသလောက် တင်ပြပါရစေ … ၁။ ညီလာခံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာသာရေးရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ပေးရေး၊ ယခုအချိန်ထိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ဘာသာရေး ခေါင်းဆောင်များကို ထည့်သွင်းခြင်းမရှိပါဘူး။ ဘာသာရေးခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေးသမားများ လက်ထဲမှာပဲ ပုံအပ်ထားကြတယ်။ မြန်မာလူမျိုးများအပေါ်မှာ လွှမ်းမိုးထားတဲ့ ဘာသာရေးသြဇာဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ၊ အပြန်အလှန် နားလည်မှု ဖော်ဆောင်တဲ့နေရာမှာ များစွာ အထောက်အကူ ပြုနိုင်ပါတယ်။ ဒီ ၂ ရက်တာအတွင်းမှာ ဒီကဏ္ဍဟာ ပီပီပြင်ပြင် ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ၂။ အနာဂတ် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်နိုင်ရေး၊ ဘာသာရေးခေါင်းဆောင်များအနေနဲ့ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အပြုသဘောနဲ့ ပါဝင်ဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ဘာသာရေးခေါင်းဆောင်များကို ထည့်သွင်းခြင်း မရှိပါဘူး။ ကျွန်ုပ်တို့ပါဝင်ဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအပေါ် ဘာသာရေးရှုထောင့်ကို တင်ပြဖို့လိုပါတယ်။ ၃။ ကဏ္ဍပေါင်းစုံတွင် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဘာသာပေါင်းစုံမှ ကြိုးစားရေး၊ ဒီညီလာခံဟာ ငြိမ်းချမ်းရေးခရီးရှည်ကြီးရဲ့ ပထမခြေလှမ်းသာ ဖြစ်ပါတယ်။ ခရီးစဉ်ဟာ ဒီညီလာခံနဲ့ပဲ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ဒီညီလာခံပြီးသွားတာနဲ့ ကျွန်ုပ်တို့ရဲ့ နေရာဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် စတင်ဆောင်ရွက်ကြမယ်၊ ဒေသခံတွေ ပါဝင်လာအောင် ပညာပေး စည်းရုံးကြရမှာဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့အားလုံး နားလည်ထားပြီး ဖြစ်ပါတယ်။ ၄။ အမိမြေငြိမ်းချမ်းရေးအတွက် ကြေညာစာတမ်းထုတ်ပြန်ရေး၊ ဒီညီလာခံကနေ ထုတ်ပြန်ချက်တခု ထုတ်ပြန်ရုံသက်သက် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအတွက် လမ်းပြမြေပုံတခု ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ၅။ ငြိမ်းချမ်းရေးလမ်းစဉ်အား ဟန့်တားထားသော အတားအဆီးများအား ဖယ်ရှားရေး၊ နယ်လ်ဆင်မဲန်ဒဲလား၊ မဟတ္တမဂန္ဒီ အစရှိတဲ့ ခေါင်းဆောင်ကြီးတွေဟာ ပဋိပက္ခတွေရဲ့ အရင်းအမြစ်ကို ကိုယ်တွယ်ဖြေရှင်းဖို့ ကြောက်ရွံ့စိတ်မရှိကြပါဘူး။ အဲဒီလို မှန်ကန်၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကျွန်ုပ်တို့နိုင်ငံမှာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီနိုင်ငံအနေနဲ့ နိုင်ငံအတွင်းမှာ မွေးဖွားလာသူအားလုံးကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံဖို့ လိုတယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုပါတယ်။ ခွဲခြားဆက်ဆံလိုတဲ့ အတွေးအခေါ် အယူအဆတွေကို ရဲရဲရင့်ရင့် ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ လူမျိုးစုအရေးတွေ၊ ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့တွေ၊ သယံဇာတခွဲဝေမှုတွေ စတာတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖို့ လိုပါတယ်။ ၆။ သယံဇာတနှင့် ပွင့်လင်းမြင်သာရေး၊ မြန်မာနိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ အဆင်းရဲဆုံးလူတွေ နေထိုင်တဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတခု ဖြစ်ပါတယ်။ ဒီနိုင်ငံထဲမှာရှိတဲ့ ကြွယ်ဝတဲ့ ဓနဥစ္စာတွေဟာ လူနည်းစုကိုပဲ ချမ်းသာစေနေပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ သယံဇာတတွေကို ပွင့်လင်းမြင်သာစွာ သုံးစွဲနိုင်စွမ်း ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ် မူတည်နေပါတယ်။ ပဋိပက္ခ တော်တော်များများဟာ သယံဇာတခွဲဝေရေးနဲ့ ဆက်စပ်နေပါတယ်။ နိဂုံး မျှော်လင့်ခြင်းကို အရင်းတည်ပါ၊ ငြိမ်းချမ်းခြင်းကို အရင်းတည်ပါ၊ ငြိမ်းချမ်းရေးကို ရမှာပါ၊ ငြိမ်းချမ်းခြင်းသည်သာ တခုတည်းသော လမ်းစဉ်ပါ။ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲ များနေပါစေ၊ ကျွန်ုပ် အခိုင်အမာ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလကိုပဲ ပြန်ကြည့်လိုက်ပါ။ ဒီမိုကရေစီ ရောင်နီသန်းနေပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှု သံသရာထဲ လည်နေပြီး သွေးချောင်းစီးနေတဲ့ အချိန် မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်းဆိုတာ ဖြစ်နိုင်တယ်လို့ ကမ္ဘာကြီးကို ပြသခဲ့တယ်။ တချိန်က ရန်သူတွေ ဖြစ်ခဲ့ပေမယ့် လွှတ်တော်ထဲမှာ အတူထိုင်ပြီး အံ့သြစရာကောင်းတဲ့ ရလဒ်တွေ ရယူနိုင်ကြတယ်ဆိုတဲ့အကြောင်း ကမ္ဘာကို မြန်မာက သက်သေထူခဲ့ပြီ။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေ ပြည်သူ ပြည်သားတွေမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်။ ဗီယက်နမ်နိုင်ငံဟာလည်း ဆယ်စုပေါင်းများစွာ စစ်ဒဏ်ခံပြီး အခုချိန်မှာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ခံစားပြီး စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနေပါပြီ။ ကမ္ဘောဒီးယားနိုင်ငံဟာလည်း အတိတ်ဆိုးကြီးနဲ့ ပြန်လည် ကျေအေးပြီး မျှော်လင့်ခြင်း အပြည့်ဝရှိတဲ့ နိုင်ငံတခုအဖြစ် ဖြစ်လာခဲ့ပါပြီ။ မြန်မာပြည်ဟာလည်း ဘုန်းတန်ခိုးကြီးတဲ့ နိုင်ငံတနိုင်ငံ ပြန်ဖြစ်လာနိုင်ပါတယ်။ အခုအချိန်က အလွန်ကို အခါအခွင့်သင့်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ခိုင်မာတဲ့နေရာတခုကို ရရှိထားပြီဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်တွေကို အားလုံး ခံစားနိုင်ကြပါလိမ့်မယ်။ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ လူငယ်တွေဖြစ်နေတဲ့ နိုင်ငံတခုအနေနဲ့ ဒီလူငယ်ရတနာတွေကို နိုင်သူမရှိတဲ့ စစ်ပွဲထဲမှာ ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ပါဘူး။ ငြိမ်းချမ်းရေးသာ တခုတည်းသောအဖြေ ဖြစ်ပါတယ်။ အဲဒါ ကျွန်ုပ်တို့ရဲ့ အိပ်မက်တခု ဖြစ်ပါတယ်။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ကြပါစို့။ မာတင်လူသာကင်းရဲ့ ဂန္ထဝင်စကားလုံးများနဲ့ နိဂုံးချုပ်ပါရစေ။ ဒီနေ့ရက်တွေမှာ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး အမှန်တကယ်ရပြီလို့ ဒီမနက်က ကျွန်ုပ် အိပ်မက် မက်ပါတယ်။ ဒီယုံကြည်ချက်နဲ့ ပဋိပက္ခတောင်တန်းကြီးတွေကို ထိုးဖောက်ပြီး ဥမင်လိုဏ်ခေါင်းတွေတူးဖို့ ကျွန်ုပ်တို့ ခရီးစတင်ကြမယ်။ ဒီယုံကြည်ချက်နဲ့ မှောင်မည်းခါးသီးတဲ့ "မနေ့" တွေကို ငြိမ်းချမ်းတောက်ပတဲ့ "မနက်ဖြန်" တွေအဖြစ် ကျွန်ုပ်တို့ ပြောင်းလဲယူကြမယ်။ ဒီယုံကြည်ချက်နဲ့ ဗမာတွေနဲ့ တိုင်းရင်းသားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေ၊ ဟိန္ဒူတွေနဲ့ အခြားဘာသာဝင်တွေ အားလုံး အတူလက်တွဲပြီး "နောက်ဆုံးတော့ ငြိမ်းချမ်းခြင်းရလေပြီ၊ နောက်ဆုံးတော့ ငြိမ်းချမ်းခြင်းရလေပြီ၊" ဆိုတဲ့ တေးကို အတူ သီကျူးနိုင်ကြပြီဆိုရင် ဒီနေ့သစ်ကို ရယူနိုင်ကြပါလိမ့်မယ်။ နောက်ဆုံးတော့ ကျွန်ုပ်တို့ အမိမြေမှာ ငြိမ်းချမ်းခြင်းကို တွေ့မြင်ခံစားခွင့်ရသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါစို့  . . . ။ ချားလ်စ်ဘို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024