ဒုံးခွင်းဒုံးစနစ် ရက်ပိုင်းအတွင်း အဆင်သင့်ဖြစ်မည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီးပြော

589
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းမှာ နေရာချတပ်ဆင်နေတဲ့ အဆင့်မြင့် အမေရိကန်ဒုံးခွင်းဒုံးစနစ်ဟာ ရက်ပိုင်းအတွင်း အဆင်သင့်ဖြစ်မယ်လို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက ပြောလိုက်ပါတယ်။
အမေရိကန်စစ်တပ်က တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းမှာ တပ်ဆင်နေတဲ့ အဆင့်မြင့် သတ်ဒ် (THAAD) ဒုံးခွင်းဒုံးစနစ်ဟာ ရက်ပိုင်းအတွင်း လုံးဝ စတင်အလုပ်လုပ်နိုင်ပြီလို့ အမေရိကန်စစ်တပ်၊ အာရှပစိဖိတ်စစ်ဌာနချုပ်ရဲ့ ဗိုလ်ချုပ်ကြီး ဟယ်ရီ ဟားရစ္စ (Harry Harris) က ဧပြီ ၂၆ ရက်မှာ ပြောဆိုပါတယ်။
ဒီဒုံးခွင်းဒုံးစနစ်ဟာ မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို လမ်းမှာ ကြားဖြတ်ပစ်ခွဲဖို့ နိုင်ငံတောင်ပိုင်းက ဂေါက်ကွင်းဟောင်းနေရာတခုမှာ တပ်ဆင်နေတာပါ။
ဒီဒုံးခွင်းဒုံးစနစ်ကို သယ်ဆောင်လာချိန်မှာ ဒေသခံ တောင်ကိုရီးယားပြည်သူတွေ ရာနဲ့ချီပြီး ဒီစနစ် လာရောက်တပ်ဆင်တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံကတော့ ဒီဒုံးခွင်းဒုံးစနစ်ကို အမေရိကန်နိုင်ငံက လာရောက်ချထားတာဟာ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးကို ပိုပြီး ထိခိုက်စေမယ်လို့ ပြောဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတို့ ကိုရီးယားကျွန်းဆွယ်ကို ရောက်ရှိနေပြီး မြောက်ကိုရီးယားနိုင်ငံကလည်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ၊ ဒုံးကျည်ပစ်လွှတ်မှုတွေ နောက်ထပ်လုပ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။
ဒီ သတ်ဒ် ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုရီးယားနိုင်ငံမှာ ချထားဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက အမေရိကန်စစ်တပ်နဲ့ တောင်ကိုရီးယားအစိုးရတို့ သဘောတူခဲ့ကြပြီး လာမယ့် ၂၀၁၈ နှစ်ကုန်မှ စတင်အသုံးပြုနိုင်မယ်လို့ တောင်ကိုရီးယားစစ်တပ်က အရင်က ပြောဆိုခဲ့တာပါ။
အမေရိကန်နိုင်ငံက ဒီဒုံးခွင်းဒုံးစနစ် တပ်ဆင်ချိန်ဟာ တရုတ်နိုင်ငံကလည်း ပြည်တွင်းဖြစ် ပထမဆုံး လေယာဉ်တင်သင်္ဘောသစ်နဲ့ စစ်အင်အားဖြည့်တင်းချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။