Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ ပိုမိုအဆင်ပြေကောင်းမွန်အောင် ကြိုးပမ်းရန် အတိုင်ပင်ခံတိုက်တွန်း  
DVB
·
April 27, 2017
မေ ၂၄ ရက်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို အရင်ပထမအကြိမ် ကျင်းပစဉ်ကထက် ပိုမိုအဆင်ပြေ ကောင်းမွန်အောင်ကြိုးပမ်းကြဖို့   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့မနက်က နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်အမှာစကားပြောကြားခဲ့တာလို့  နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဗဟိုကော်မတီအနေနဲ့ ပထမအစည်းအဝေးကျင်းပခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံကာ အားသာချက်၊ အားနည်းချက်တွေ သိရှိထားပြီးဖြစ် ကြောင်း၊ ယခုတကြိမ်မှာ ပိုမိုအဆင်ပြေကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုကြောင်း၊ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အောင်မြင်ရေးအတွက် ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေက ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်းပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေအနေနဲ့  လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ကြမယ့် ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အစည်းအဝေးခန်းမအတွင်း နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ လုံခြုံရေး၊ သတင်းပြန်ကြားရေး၊ ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ အစည်းအဝေးကို ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌတွေဖြစ်တဲ့  ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးကျော်မျိုး၊ ဦးမောင်မောင်ဝင်း စသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ၂၁ ရာစုပင်လုံ ညီလာခံ ပထမအကြိမ် အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၄ ရက်ထိ နေပြည်တော်မှာ ကျင်းပခဲ့တာမှာ  ဖိတ်ကြားခံသူရသူတွေကြားမှာ တန်းတူညီမျှမှု မရှိတာကြောင့်ဆိုပြီး UWSA ၀ ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံမတက်တော့ဘဲ ကျောခိုင်း ပြန်သွားခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024