နာဆာက အားကစားကွင်းအရွယ် ဓာတ်ငွေ့ဘောလုံး လွှတ်တင် (ရုပ်သံ)
Published By
DVB | 27 April, 2017
462
0
Share
0
Comment
0
Likes
နာဆာက ဒီဇိုင်းထုတ်ပြီးလုပ်ထားတဲ့ အားကစားကွင်းအရွယ် ဓာတ်ငွေ့ဘောလုံးကို နယူးဇီလန်မှာ လွှတ်တင်ခဲ့ပါတယ်။
နာဆာက ဒီဇိုင်းထုတ်ပြီး ဖန်တီးထားတဲ့ အားကစားကွင်းအရွယ် ဓာတ်ငွေ့ဘောလုံးကို နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းက အပန်းဖြေစခန်း ဝါနာကာကနေ ဧပြီ ၂၅ ရက်နေ့မှာ လွှတ်တင်ခဲ့ပါတယ်။
ကမ္ဘာ့လေထု အပြင်ဘက်နားထိ ပျံတက်သွားတဲ့ အဲဒီဘောလုံးဟာ သတင်းအချက်အလက်တွေကို စတင်စုဆောင်းနေပြီဖြစ်ပြီး ကောင်းကင်လေထုထဲမှာ ရက် ၁၀၀ ရှိနေဖို့ စီစဉ်ထားတာပါ။
ဒီဘောလုံးကို အရင်က လွှတ်တင်ဖို့ အကြိမ်ကြိမ်စီစဉ်ခဲ့ပေမယ့် ဆိုးရွားတဲ့ ရာသီဥတုနဲ့ မုန်တိုင်းတွေကြောင့် မလွှတ်တင်နိုင်ခဲ့ပါဘူး။
အာကာသထဲကနေ ကမ္ဘာ့လေထုထဲ ဝင်ရောက်လာတဲ့ စွမ်းအားမြင့်အာကာသ ဓာတ်ပစ္စည်း အမှုန်အမွှားတွေကို လေ့လာဖို့ နာဆာက ဒီဘောလုံးကို လွှတ်တင်ခဲ့တာဖြစ်ပြီး ဒီဘောလုံးက ကမ္ဘာကို ၂ ပတ် ၃ ပတ်လောက် ပတ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အဲဒီ ဓာတ်ငွေ့ဘောလုံးဟာ ကမ္ဘာ့မျက်နှာပြင်အထက် ၂၁ မိုင်ကျော်လေထုထဲကနေ သတင်းအချက်အလက်တွေကို စုဆောင်းသွားမှာ ဖြစ်ပါတယ်။
နယူးဇီလန်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာလည်း နာဆာရဲ့ သိပ္ပံနည်းပညာဆိုင်ရာ ဓာတ်ငွေ့ဘောလုံးအစီအစဉ်တွေကို လုပ်ဆောင်ခဲ့ပါသေးတယ်။
သမုဒ္ဒရာအလယ်က နယူးဇီလန်ဟာ သူ့ရဲ့တောင်ပိုင်းကျွန်းမှာ အာကာသယာဉ် လွှတ်တင်စခန်း တည်ဆောက်မယ့် အစီအစဉ်လည်း ရှိနေပါတယ်။
နည်းပညာဆိုင်ရာ ကိရိယာတွေကိုသာမက ဧပြီလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အန်းဇက်နေ့ အထိမ်းအမှတ်အဖြစ် အနီရောင်ပန်းပွင့်ငယ်လေးကိုလည်း ဘောလုံးနဲ့အတူ လွှတ်တင်လိုက်တယ် သိရပါတယ်။