ဆော့ကစားနေသည့် ကလေး ၂ ဦးကို မြေသယ်ယာဉ်တိုက်မိ သေဆုံး
DVB
·
April 27, 2017
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့မရဲစခန်းအပိုင်မှာ ဧပြီ ၂၆ ရက်နေ့ ညနေ ၆ နာရီလောက်က ဆော့ကစားနေတဲ့ ကလေးငယ် ၃ ဦးကို မြေသယ်ယာဉ် တိုက်မိခဲ့ပြီး နေရာမှာပင် ၂ ဦးသေဆုံးခဲ့တယ်လို့ ကျောက်တံခါးမြို့မစခန်းက ပြောပါတယ်။
ကျောက်တံခါးမြို့နယ် ကျေးရိုးကျေးရွာအုပ်စု ဂျဂ္ဂနက်ကျေးရွာ ရွာလယ်လမ်းမပေါ်မှာ အသက် ၁၁ နှစ်အရွယ် မောင်ဆာကာ နဲ့ အသက် ၁၀ နှစ်အရွယ် မမိုးမိုး၊ အသက် ၈ နှစ်အရွယ် မဆန်ဒေရာ ကူမာရီ တို့ ဆော့ကစားနေစဉ် လမ်းရဲ့မြောက်ဘက်ကနေ တောင်ဘက်ကို ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာတဲ့ ခြောက်ဘီးမြေသယ်ယာဉ် ၀င်တိုက်မိခဲ့ရာ မမိုးမိုးနဲ့ မဆန်ဒေရာကူမာရီတို့ ဦးခေါင်းကွဲကြေဒဏ်ရာအပြင် အခြားဒဏ်ရာတွေရရှိကာ အခင်းဖြစ်နေရာ မှာ သေဆုံးခဲ့ပြီး မောင်ဆာကာမှာ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တာပါ။
ကျောက်တံခါးမြို့မစခန်းမှ ရဲအုပ် ကျော်သူထက်က "ကလေးတွေက ရွာထဲလမ်းမှ ဆော့နေတာဗျ။ အယ်မှာမြေသယ်လာတဲ့ ဖောကားပေါ့။ အဲဒီကားက ဝင်တိုက်မိတာ အရှိန် မထိန်းနိုင်လို့ တိုက်မိတဲ့ သဘောပေါ့။ ကလေးနှစ်ယောက်ကတော့ နေရာမှာ တင်ဆုံးသွားတယ်။ ကားသမားကတော့ ရှောင်တိမ်းနေတယ်ဗျ။ ကားသမားရဲ့ အချက်အလက် ရနေပါပြီ။ ကားကို ထားခဲ့ပြီး ပြေးတာပါ"လို့ ပြောပါတယ်။
လူထိခိုက် သေဆုံးတဲ့အထိ ယာဉ်ကိုမဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)ကို ကျောက်တံခါးမြို့မရဲစခန်းမှယာဉ်(ပ)၁၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)