Home
မေးမြန်းခန်း
တိုင်းရင်းသားအချင်းချင်း စစ်ပွဲတွေဖြစ်တာ ကျနော် စိတ်မကောင်းဘူး - အောင်လအန်ဆန်း
ထကျလူ
·
April 27, 2017
မြန်မာ့စပါးကြီးမြွေလို့ တင်စားခံရတဲ့ အမ်အမ်အေကစားသမား အောင်လအန်ဆန်းဟာ မကြာသေးတဲ့အချိန်က ကမ္ဘာ့ချန်ပီယံလုပွဲမှာ အကောင်းဆုံး ထိုးသတ်နိုင်ခဲ့ပေမယ့် စိတ်မကောင်းဖွယ်ရာပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူ့အနေနဲ့ ကမ္ဘာ့ချန်ပီယံဆုအတွက် ဘယ်လိုပြင်ဆင်ထားလဲ၊ ပြီးတော့ ကချင်ပြည်နယ်မှာ မငြိမ်းချမ်းသေးတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားတွေ သိရဖို့အတွက် အောင်လအန်ဆန်းနဲ့ ဒီဗွီဘီက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ မေး - ကိုအောင်လ ဒီတခေါက် မြန်မာနိုင်ငံကို ဘယ်အချိန်လောက်က ပြန်ရောက်လာဖြစ်တာလဲ။ ပြီးတော့ ဒီကိုပြန်ရောက်လာတာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြန်လာခဲ့တာလဲ ခင်ဗျ။ ဖြေ - ကျနော် မြန်မာပြည်ကို မတ် ၂၅ ရက်မှာ ရောက်ပါတယ်။ ရည်ရွယ်ချက်က ၃ ခုရှိပါတယ်။ ပထမဦးဆုံးက ဘာလဲဆိုတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ စစ်ဘေးရှောင်တဲ့သူတွေကို ကူညီပေးချင်လို့ပါ။ ကချင်ပြည်နယ်က အခုထိ စစ်ဖြစ်နေတုန်းပဲဆိုတော့ အဲဒီအတွက်ဆိုပြီး ကျနော် အရင်ပွဲတွေမှာ ကစားထားခဲ့တဲ့ လက်အိတ်တွေ၊ အင်္ကျီတွေ၊ ဘောင်းဘီတွေကို လေလံပစ်ပြီးတော့ အဲဒီက ရတဲ့ငွေတွေအားလုံးကို လှူသွားဖို့ စဉ်းစားထားပါတယ်။ ဒုတိယက ဘာလဲဆိုတော့ မြစ်ကြီးနားက ကျနော့် အဘိုး၊ အဘွား မတွေ့ရတာ ၁၄ နှစ်ရှိပြီ။ သူတို့နဲ့ သွားတွေ့မယ်။ သူတို့က အသက်အရမ်းကြီးပြီဆိုတော့။ အဘိုးဆို ၁ဝ၄ နှစ်တောင်ရှိပြီ။ အသက် အရမ်းကြီးနေပြီ။ အဲဒီတော့ သူတို့ကို သွားကြည့်ရင်းနဲ့ လာဖြစ်တာပေါ့။ နောက်ဆုံးတခုက ဘာလဲဆိုတော့ ကျနော့်ရဲ့ ငယ်သူငယ်ချင်းနဲ့ ကျနော့်ရဲ့မန်နေဂျာ ဘုန်းကျော်တို့ စီစဉ်ထားတဲ့ စပွန်ဆာရှစ်နဲ့ ကော်မာရှယ်အလုပ်ရောပေါ့နော်။ အဲဒီအတွက် ပြန်လာတာပေါ့။ မေး - ကိုအောင်လက စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် လှူဒါန်းသွားဖို့ ရှိတယ်ဆိုတော့ ကိုအောင်လရဲ့ ခံစားချက်၊ သုံးသပ်ချက်လေးတခု ကျနော် မေးချင်ပါတယ် ခင်ဗျ။ ကိုအောင်လအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကချင်တိုင်းရင်းသားပေါ့နော်။ ကျနော်တို့နိုင်ငံထဲမှာပဲ တည်ရှိနေပြီးတော့ အချင်းချင်း စစ်ပွဲတွေ ဖြစ်နေတယ်ပေါ့နော်။ အဲဒါတွေ အမြန်ဆုံး ငြိမ်းချမ်းသွားအောင်လို့ အစ်ကို့အနေနဲ့ ဆန္ဒဘယ်လိုမျိုးရှိလဲဆိုတာ ပြောပြပေးပါလား။ ဖြေ - ပထမဆုံးတော့ တိုင်းရင်းသားအချင်းချင်း အဲဒီလို စစ်ပွဲတွေဖြစ်တာ ကျနော် စိတ်မကောင်းဘူး။ အားလုံးကို အားပေးချင်တယ်။ ကိုယ့်ရဲ့ view point ကိုပဲ မကြည့်ဘဲနဲ့ တခြား သူများတွေရဲ့ view point ကိုလည်း ကြည့်ပြီးတော့ စည်းလုံးညီညွတ်မှုရှိဖို့ ကျနော် တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ ကိုယ့်အချင်းချင်းပဲ ရန်တိုက်နေရင် တခြားနိုင်ငံတွေကို လုံးဝမီမှာ မဟုတ်ဘူးနော်။ ကျနော်ပြောချင်တာက အခု မြန်မာပြည်မှာ ငြိမ်းချမ်းရေးရှိပြီးတော့ အားလုံး စည်းလုံးညီညွတ်ရင် ဘာမဆို အရာရာ အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ်ပေါ့။ မေး - ကိုအောင်လရဲ့ လေ့ကျင့်မှုအပိုင်းကို ဆက်ပြီး မေးချင်ပါတယ်။ အခု လတ်တလောမှာတော့ ပြီးခဲ့တဲ့လပိုင်းအတွင်းက ကမ္ဘာ့ချန်ပီယံလုပွဲမှာ အစ်ကို ထိုးသတ်ခဲ့တယ်။ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ စိတ်မကောင်းစွာပဲ အစ်ကို ရှုံးနိမ့်ခဲ့တယ်ပေါ့နော်။ အဲဒီအပေါ်မှာ အစ်ကို့အနေနဲ့ လာမယ့်ပွဲမှာ ဘယ်လိုမျိုး ပြန်ပြီးတော့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားလဲဆိုတာ ပြောပြပေးပါလား။ ဖြေ - ကျနော့်ကို သူများတွေပြောတာက သူတို့ ကြည့်တော့ စိတ်မကောင်းဘူးတဲ့။ တချို့တွေက ငိုတောင်ငိုတယ်တဲ့။ စိတ်မကောင်းမရှိပါနဲ့။ ကျနော့်အလုပ်က အဲဒီလိုမျိုး အားကစားပဲနော်။ ဒီတခေါက်တော့ ကျနော် ခံလိုက်ရတယ်။ ကျနော် ကောင်းကောင်းပြင်ဆင်လို့မရဘူး။ နှစ်ပတ်ပဲ အချိန်ရှိတယ်ဆိုတော့ ကောင်းကောင်းစီစဉ်လို့ မရဘူးပေါ့နော်။ ဒါပေမယ့် နောက်ပွဲဆိုရင်တော့ အဲဒီလို ဖြစ်မှာမဟုတ်ဘူး။ ဒီတခေါက်တော့ ကျနော် ရှုံးတယ်ပေါ့။ ဒါပေမယ့် သူ့ရဲ့အချိန်တော့ လာဦးမှာပေါ့နော်။ ဒီချန်ပီယံနဲ့ ကျနော် ပြန်ပြီး စိန်ခေါ်ကြမယ်။ သူနဲ့ ကျနော် ပြန်ကစားဖို့ရှိမယ်။ ဒီနှစ် အဲဒီအခွင့်အရေးရှိမယ်။ အဲဒီအခွင့်အရေးကို ကျနော် အကောင်းဆုံးလုပ်မယ်၊ အကောင်းဆုံးစီစဉ်မယ်။ အရင်ပွဲလိုမျိုး ဖြစ်မှာမဟုတ်ဘူးလို့ ကျနော် သေချာယုံကြည်တယ်။ မေး - ပြီးခဲ့တဲ့ပွဲမှာ အစ်ကို့အနေနဲ့ ဘယ်လိုမျိုး အားနည်းချက်တွေကြောင့် ရှုံးနိမ့်သွားခဲ့ရတာလဲ။ အဲဒီအားနည်းချက်တွေကိုရော လက်ရှိအချိန်မှာ အစ်ကို့အနေနဲ့ ရှာတွေ့ပြီလား။ ဘယ်လိုမျိုး ပြင်ဆင်နေလဲပေါ့နော်။ ဖြေ - ကျနော်တို့က သိုင်းပေါင်းစုံ ပညာရှင်တွေဆိုတော့ လက်ကစား၊ ခြေကစား၊ နပန်း အားလုံး ကျွမ်းကျင်ရတယ်။ ကျနော်တို့ ကစားခါနီးမှာ ကမ့်ပ်က အနည်းဆုံး ၆ ပတ်၊ ၈ ပတ်လောက် လုပ်ရတယ်။ အဲဒီအချိန်မှာ ကိုယ်က ရုပ်ပိုင်းဆိုင်ရာ fit ဖြစ်ဖို့လိုတယ်။ ၅ ချီထိုးပြီး ၅ မိနစ်ဆိုတော့ အရမ်း အမောခံနိုင်ရမယ်။ အဲဒီတော့ ဒီပွဲမှာ ၂ ပတ်ပဲ အချိန်ရှိတယ်ဆိုတော့ ကျနော် ထိုးချင်သလို ထိုးလို့မရဘူး။ ကျနော် ကစားချင်သလို ကစားလို့မရဘူးဆိုတော့ နောက်တပွဲမှာဆိုရင် ပိုအချိန်ရမယ်။ အဲဒါဆိုရင် ဒီလိုမျိုး တူမှာမဟုတ်ဘူး။ မေး - နောက်ပြီးတော့ ကျနော် တချက်သိချင်တာက ဂျူဂျစ်ဆုဆိုတဲ့ပုံစံမျိုး၊ ပြီးတော့ အမ်အမ်အေဆိုတဲ့ ပုံစံမျိုးက ကျနော်တို့နိုင်ငံမှာ ကိုအောင်လ ရောက်လာပြီးတဲ့အချိန်မှာမှ တော်တော်လေးကို လူသိများလာခဲ့တယ်ပေါ့နော်။ အဲဒီတော့ ဒီအားကစားနည်းနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ကျနော်တို့နိုင်ငံက နိုင်ငံသားတွေ ပိုပြီးတော့ စိတ်ဝင်စားလာဖို့၊ ပိုပြီးတော့ ကစားလာကြဖို့ပေါ့ ကိုအောင်လအနေနဲ့ ဘယ်လိုမျိုး ဖိတ်ခေါ်ချင်လဲခင်ဗျ။ ဖြေ - ဘယ်လိုဖိတ်ခေါ်ချင်လဲဆိုတော့ အားလုံး ကစားတဲ့လူတွေကို အားပေးပေါ့နော်။ ပြီးတော့ Talent ရှိတဲ့သူကို ပိုပြီး စပွန်ဆာရှစ်ပေး။ ဒီလိုမျိုး ကစားတဲ့ အားကစားသမားတွေကို သူတို့ စပွန်ဆာပေးတယ်။ သူတို့ အရမ်းအားပေးတယ်ပေါ့နော်။ အမေရိကန်မှာလည်း အဲဒီလိုပါပဲ။ အလုပ်တဘက်လုပ်ပြီး အဲဒီလို ကစားရတယ်။ ဒီမှာ အားကစားမှာ အရမ်း Talent ဖြစ်တဲ့ အားကစားသမားတွေလည်း ရှိတယ်ပေါ့နော်။ လက်ဝှေ့မှာရော အရမ်းထူးချွန်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကို စပွန်ဆာမရှိတော့ လုံးဝ ကစားဖို့ မရှိဘူးပေါ့။ အဲဒီတော့ သူတို့ကို အားပေးရင်တော့ အဲဒီအားကစားတွေလည်း ပိုပြီး တွင်ကျယ်လာမယ်။ ကမ္ဘာသိလာမယ်။ ကျနော်က စကစားတော့ ဘာမှ စပွန်ဆာရှစ် မရဘူး။ ကစားတဲ့အခါလည်း ဘာမှမရဘူး။ ဒါပေမယ့် အလုပ်တဘက်မှာ လုပ်ပြီးတော့ ဆက်ကစားတယ်။ ၁ဝ နှစ်ကျော်ရှိမှ အခုလိုမျိုး အောင်မြင်လာတာပေါ့နော်။ မေး - ဂျူဂျစ်ဆုသင်တန်းကို ကျနော်တို့ တက်ချင်တယ်ဆိုရင် Fitness centre တွေမှာ သင်တန်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီမှာ သင်တန်းကြေး fees က နည်းနည်းလေး များနေတဲ့အခါမှာ ကျနော်တို့သင်တန်းကို တက်ဖို့အတွက် စိတ်ဝင်စားပေမယ့် အခက်အခဲတွေ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အစ်ကို့အနေနဲ့ ဘယ်လိုမျိုး လုပ်ပေးသွားရင် နောက်ပိုင်းမှာ အဆင်ပြေသွားမလဲလို့ ထင်လဲခင်ဗျာ။ ဖြေ - လူတယောက်က တကယ်စိတ်ပါတယ်၊ အရမ်းကြိုးစားချင်တယ်ဆိုရင် ဘေးမှာ အလုပ်လုပ်ပြီးတော့ သင်တန်းတက်လို့ရပါတယ်။ ကိုယ်က ကြိုးစားရမယ်။ မကြိုးစားဘဲနဲ့ ဘယ်လိုမှ မရောက်နိုင်ဘူး။ တကယ်လို့ ငါ့ညီက ဂျူဂျစ်ဆု ကစားချင်တယ်ဆိုရင် အလုပ်လည်းလုပ်၊ ပြီးတော့ အဲဒီ ဂျူဂျစ်ဆုအတွက် Fees ကိုပေး။ ကြိုးစားလို့ရတယ်။ ဒါပေမယ့် ခက်တာက လူတယောက်က စိတ်အရမ်းပါပေမယ့် တခါတလေ အရမ်းခက်သွားရင် စိတ်က တခြားရောက်သွားမယ်။ အဲဒါ လူ့သဘာဝပေါ့နော်။ မေး - အစ်ကို ကမ္ဘာ့ချန်ပီယံအတွက်ကိုရော လုံးဝ စိတ်ထဲမှာ ပစ်မှတ်ထားထားတယ်ပေါ့။ အဲဒီတော့ ကမ္ဘာ့ချန်ပီယံဆုရဖို့ အဓိကရည်ရွယ်ချက်က ဘာကြောင့် ကမ္ဘာ့ချန်ပီယံဆုကို လိုချင်တာလဲ။ ဘယ်သူတွေအတွက် အစ်ကို့အနေနဲ့ ယူပေးချင်တာလဲ ပြောပေးပါလား။ ဖြေ - လိုချင်တာက ကျနော့်ရဲ့ မြစ်ကြီးနားက ကချင်လူမျိုး၊ မြန်မာနိုင်ငံသားပေါ့နော်။ ကျနော်တို့ဆီမှာ အဲဒီလိုမျိုး ကမ္ဘာ့ချန်ပီယံက မရှိသလောက်ပေါ့နော်။ ဖြစ်နိုင်ရင် ကျနော် သူတို့အတွက် မြန်မာပြည်က ကလေးတွေအတွက်၊ သူတို့ ကြည့်ပြီးတော့ inspire ဖြစ်အောင် ကျနော် အဲဒီလိုမျိုး လုပ်ချင်တယ်ပေါ့။ ကျနော့်အတွက်၊ ကျနော့်ရည်ရွယ်ချက်တော့ ဟုတ်တယ်။ ဒါပေမယ့် သူများကို inspire ဖြစ်နိုင်အောင် ကျနော် ကြိုးစားချင်တယ်။ ဘာမဆို စိတ်အရမ်းပါပြီးတော့ လုပ်မယ်ဆိုရင်တော့၊ ကြိုးစားမယ်ဆိုရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုပြီးတော့ အားပေးချင်တယ်ပေါ့နော်။ မေး - အစ်ကို့အနေနဲ့ ကမ္ဘာ့ချန်ပီယံဆုသာ အကယ်၍များ ရသွားခဲ့ရင် အစ်ကို့ကို အပြည့်အဝ အားပေးနေတဲ့ မြန်မာပရိသတ်နဲ့အတူ ပျော်ရွှင်ပြီး အောင်ပွဲခံသွားဖို့ရော ရှိလားခင်ဗျ။ ဖြေ - ပထမဦးဆုံး တကယ်ကို ကမ္ဘာ့ချန်ပီယံ ဖြစ်မယ်ဆိုတဲ့စိတ် ရှိတယ်။ အကယ်၍ဆိုတာ မရှိဘူး။ ဒုတိယ ဘာလဲဆိုတော့ ကျနော်နိုင်ရင် အောင်ပွဲမခံတတ်ဘူး။ ကျနော့်စိတ်မှာ အောင်ပွဲဆိုတာ မရှိဘူး။ ဘာလို့လဲဆိုတော့ အောင်ပွဲအရမ်းခံပြီး ပါတီလုပ်ရင် လူက အကယ်၍ ရှုံးရင် ပိုစိတ်မကောင်းတတ်တဲ့စိတ်ရှိတယ်။ အခုက ရှုံးရှုံး၊ နိုင်နိုင် ကျနော် ဂရုမစိုက်ဘူး။ ကျနော့်ရဲ့ Focusက အဲဒီလိုမျိုး နိုင်ဖို့ Focus တော့ ရှိတယ်။ ဒါပေမယ့် ရှုံးဖို့ Focus တော့ မရှိဘူး။ ပါဖောမန့်မှာ ကျနော်က Focus ရှိတယ်။ ကျနော် ဆိုလိုတာက အဲဒီလိုမျိုး အောင်ပွဲမခံတတ်ဘူး။ ပွဲတိုင်း ကျနော် အောင်ပွဲမခံခဲ့ဘူး။ မေး - အစ်ကိုဆိုလိုတာက ကမ္ဘာ့ချန်ပီယံကို ဖြစ်ကိုဖြစ်ရမယ်။ ဖြစ်ဖို့အတွက်ကို စဉ်းစားထားတယ်။ အစ်ကို့အနေနဲ့ တခြား ဘာမှ မတွေးထားဘူး။ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့အတွက်ပဲ အာရုံစိုက်ထားတယ်ပေါ့။ နယ်ပယ်ပေါင်းစုံက အစ်ကို့ကို သိတဲ့လူတွေ များစွာရှိပါတယ်။ အဲဒီပရိသတ်တွေကလည်း တော်တော်လေး အားပေးကြတာ တွေ့ပါတယ်။ အဲဒီပရိသတ်တွေကို အစ်ကို့အနေနဲ့ ကျနော်တို့ဆီကတဆင့် ပြောချင်တာလေးရှိရင် ပြောပေးပါဦး။ ဖြေ - ကျနော့်ကိုအားပေးတဲ့ ပရိသတ်တွေကို ကျနော် အရမ်းကျေးဇူးတင်တယ်။ ကျနော် နောက်ပွဲမှာ အကောင်းဆုံးစီစဉ်ပြီးတော့ အကောင်းဆုံး ကစားပြပါမယ်။ ကျနော့်ရဲ့ ပွဲတွေကိုလည်း ဆက်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ မေး - ပရိသတ်တွေအတွက် အစ်ကို့အနေနဲ့ အားရှိစေမယ့် စကားလေးတခွန်းလောက် ပြောပေးပါလား။ ဖြေ - ကိုယ် စိတ်အရမ်းပါတဲ့ ဘာမဆို ကြိုးစားရင် ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ရှိတာကို ကြိုးစားပြီးလုပ်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024