ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် အာဏာပိုင်များ တွေ့ဆုံ
DVB
·
January 24, 2012

ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က တာဝန်ရှိသူတွေဟာ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစက်မှုဇုန် တာဝန်ခံ ဦးတင်မောင်ဆွေထံ သွားရောက်ပြီး ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ ဒီမနက် ညှိနိုင်းဆွေးနွေးခဲ့ပါတယ်။
ရေနက်ဆိပ်ကမ်းစက်မှုဇုန် တာဝန်ရှိသူတွေကတော့ ရပ်ရွာကလူတွေ ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေကို အဆောတလျင် မပြောဆိုဖို့ မှာကြားခဲ့တယ်လို့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ပြောပါတယ်။
“ရပ်ရွာကလူတွေ မပြောင်းမရွှေ့ရဘူးဆိုတဲ့ ဆိုတာမျိုးတွေမပြောဖို့၊ မလိုအပ်တာတွေ မလုပ်ဖို့၊ ညှိနှိုင်းဆောင်ရွက်ဖို့ ကျနော်တို့ကိုပြောတယ်။”
ဒီဆွေးနွေးပွဲကို ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့အတူ အရပ်သား ပြည်သူတွေရယ်၊ ရွာသားတွေပါ လိုက်ပါပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ သွားရောက်ခဲ့ကြတာလို့ သူက ပြောပါတယ်။
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ဟာ ရေနက်ဆိပ်ကမ်း အထူးစက်မှုဇုန် စီမံကိန်း အတွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေအတွက်လည်း ထိုင်းအစိုးရကို အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့ဖူးပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် နဘုလယ်ဒေသမှာ တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်ဟာ ကြီးမားကျယ်ပြန့်ပြီးတော့ အိမ်ခြေ ရာချီရှိတဲ့ ရွာပေါင်းများစွာကိုလည်း ပြောင်းရွှေ့ရမယ့် အနေအထားလည်း ရှိနေပါတယ်။
- ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပုံ