ရေလုပ်သားအချင်းချင်း စကားများရန်ဖြစ် ရဲတင်းဖြင့်ခုတ်၊ ၁ ဦးသေဆုံး
DVB
·
April 26, 2017
မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျားတန်းရှိဆိပ်ကမ်းမှာ ကျားပိုက်ဖောင်မှာ ဧပြီ ၂၅ ရက် ညနေ ၃ နာရီခွဲလောက်က ရေလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာ ရဲတင်းနဲ့ခုတ်ခဲ့တဲ့အတွက် ၁ ဦး သေဆုံးသွားတယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။
ရေလုပ်ငန်းရှင် ကိုမောင်နိုင်ရဲ့ အလုပ်သမားတွေဖြစ်တဲ့ ကျားဖောင်လုပ်သား ပိုင်ဇင်ထက် နဲ့ အေးနိုင် တို့ စကားများရန်ဖြစ်ရာ အေးနိုင်က စက်လှေပေါ်ရှိ အရိုး ၁၈ လက်မ အသွား ၄ လက်မ အနှောင့် ၂ လက်မလောက်ရှိတဲ့ ရဲတင်းနဲ့ ခုတ်ခဲ့ရာ ပိုင်ဇင်ထက်မှာ ဒဏ်ရာများရရှိပြီး ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရေးမြို့ ပြည်သူ့ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ရေးမြို့မ ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေးမြို့မရဲစခန်းက အေးနိုင် ကို ရာဇာသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)