A d v e r t i s e m e n t With Us

ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွား၊ ၁ ဦး သေဆုံး

  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ ဒီနေ့ မနက်ပိုင်းက ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ညောင်လေးပင် မြို့မ ရဲစခန်းက သိရပါတယ်။ ဧပြီလ ၂၅ ရက် မနက် ၅ နာရီ ၃၀ မိနစ်အချိန်က ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၉၉/၇၊ အောင်ခိုင်ဓာတ်ဆီဆိုင်အနီးမှာ ယာဉ်တိုက်မှုတကြိမ်ဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ် (၁၀၃/၁) တော်ဝိကျေးရွာအနီးမှာ မနက် ၈ နာရီ ၂၀ မိနစ်က နောက်တကြိမ်ဖြစ်ပွားကာ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီနေ့ မနက် ၅ နာရီ ၃၀ မိနစ်က ရန်ကုန်ဘက်မှ မန္တလေးဘက်ကို ယာဉ်မောင်း အမည်မသိ မောင်းနှင်လာတဲ့ မော်တော်ယာဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၉/၇၊ အောင်ခိုင်ဓာတ်ဆီဆိုင်အနီးမှာ ရွှေကျင်မြို့နေသူ  ကိုပြေငြိမ်း မောင်းနှင်လာတဲ့ ဆိုင်ကယ်အမှတ် ၅၇ယ/၂၁၉၄၇ မော်တော်ဆိုင်ကယ်ကို မော်တော်ယာဉ်အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သူ ကိုပြေငြိမ်းမှာ အခင်းဖြစ်ရာနေရာတင် သေဆုံးသွားခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။ အလားတူ ဒီနေ့ မနက် ၈ နာရီ ၂၀ မိနစ်က ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ် ၁၀၃/၁ တော်ဝိကျေးရွာအနီးတွင် ရန်ကုန်ကနေ မန္တလေးဘက်ကို ယာဉ်မောင်း သံလွင်အောင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နေသူ မောင်းနှင်လာတဲ့ ယာဉ် TITAN အမျိုးအစား ၆  ဘီးယာဉ်ကို မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ မန္တလေးတိုင်း ဒေသကြီး၊ ကူမဲမြို့နေသူ အောင်ကို  မောင်းနှင်လာတဲ့ NISSAN အမျိုးအစား သကြားတွေ တင်ဆောင်လာတဲ့ ၁၈ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ကားလမ်း ဝဲဘက်ယာဉ်ကြောကို ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာတဲ့ ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ပါတယ်။ ကားလမ်း အနောက်ဘက်ကို ယာဉ် ၂ စီးလုံး ထိုးကျသွားခဲ့ကာ တစီးမှာ တိမ်းမှောက် သွားခဲ့တယ်လို့ သိရပါတယ်။ ယာဉ် ၂  စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ယာဉ် ၂ စီးပေါ် လိုက်ပါလာသူ ဦးသောင်းမြင့်ဦး၊ ဦးဝင်းနိုင်၊ ဦးလှဌေး၊ ဒေါ်ခင်မြင့်တို့မှာ မစိုးရိမ်ရတဲ့ ဒဏ်ရာအသီးသီးရရှိကာ ဦးမျိုးမြင့်ဦးမှာ အတွင်းလူနာအဖြစ် ပိန်းဇလုတ်တိုက်နယ်ဆေးရုံမှာ ကုသနေတယ်လို့ သိရပါ တယ်။ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မော်တော်ကား အရှိန်ပြင်းစွာ မောင်းနှင်ပြီး ဆိုင်ကယ် တိုက်မိ သေဆုံးစေသူ အမည်မသိ(စုံစမ်းဆဲ)ဆိုသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ အမှုဖွင့် စုံစမ်းရှာဖွေနေပါတယ်။ အလားတူ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး မျက်နှာချင်းဆိုင် တဖက်ယာဉ်ကြောမှ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ဝင်ရောက်တိုက်မိသူ ယာဉ်မောင်း အောင်ကို ကို ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ တို့ဖြင့် ညောင်လေးပင် မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up