မန်တုံတွင် မူးယစ်ဆေးဝါးပပျောက်ရေး စီတန်းလှည့်လည်
DVB
·
April 25, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့မှာ ကချင်နှစ်ချင်းက ဦးဆောင်ပြီး ဒီနေ့ မနက် ၉ နာရီစတင်ကာ ဒေသခံ ၇၀၀ လောက်က မူးယစ်ဆေးဝါးပပျောက်ရေး စီတန်းလှည့်လည်ခဲ့ကြ ပါတယ်။
မန်တုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက “စီတန်းလှည့်လည်တာက ဦးဆောင်တာက ကချင်နှစ်ချင်းအဖွဲ့က ဦးဆောင်တယ်။ သူတို့လည်း တကယ်မူးယစ်ဆေးဝါး ဆေးစွဲတဲ့ လူတွေကို တိုက်ဖျက်တဲ့အဖွဲ့တွေဖြစ်တယ်။ ဒါကတော့ ဒီနှစ်ရဲ့ ပထမဆုံး စီတန်း လှည့်လည် တယ်။ ကျေးရွာတိုင်းမှာရှိတဲ့ လီဆူ၊ ပလောင်၊ ကချင် စာပေယဉ်ကျေးမှုတွေပါမယ်။ သူတို့ကလည်း အရမ်းလုပ်ချင်တယ်။ ကျမတို့နဲ့လည်း ညှိနှိုင်းတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကြောက်နေတဲ့အခါကျတော့ မလုပ်ရဲဘူး။ ဒီတိုင်းထိုင်ကြည့်နေရတဲ့ အနေအထားမှာ ရှိနေတယ်။ အဲခါကျတော့ ပြည်သူတွေ နစ်နာတယ်။ မူးယစ်ဆေးဝါးလုပ်တဲ့လူတွေ အတွက် အခွင့်ကောင်း ဖြစ်သွားတာပေါ့။ အဲလိုသာ တကယ်ရဲတွေ ခြိမ်းခြောက်ခံနေရတယ်ဆိုရင် ဒီမန်တုံက တရား ဥပဒေကင်းမဲ့တဲ့ မြို့နယ်ဖြစ်သွားမယ်။ အဲတာကို အခုပြည်သူ့စစ်ရယ် ရဲရယ် မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အဖွဲ့တွေ ဒီမူးယစ်ကို ဆက်လက်တိုက်ဖျက်ဖို့ လုပ်ဆောင်မယ်” လို့ ပြောပါတယ်။
လက်ရှိ မန်တုံမြို့နယ်မှာ ကျေးရွာဘက်တွင် မူးယစ်ဆေးဝါး ပပျောက်သလောက် ရှိနေပေမယ့် လည်း မြို့ပေါ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုးဝါးလာက ကျောင်းသားတွေကစ သုံးစွဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စီတန်းလှည့်လည်ပွဲကို ဦးဆောင်သူ မန်တုံနယ် မူးယစ်တားဆီိးခြင်းအဖွဲ့ အတွင်းရေးမှူး ဦးဂွမ်အောင်က “အဓိက ရည်ရွယ်ချက်က လူငယ်ကလေးတွေ ဒီအန္တရာယ်က ရှောင်ရှား နိုင်အောင် ဒီလို စီတန်းလှည့်လည်ခြင်းအားဖြင့် ဒီကလေးတွေ မူးယစ်ဆေးဝါး မသုံးစွဲသင်တဲ့ အကြောင်းကို သူတို့ရဲ့စိတ်ထဲမှာ စွဲပြီး သိရှိလာနိုင်အောင်၊မူးယစ်ဆေးဝါးကြောင့် ဒီတိုင်းရင်းသား ညီအကိုတွေထဲမှာ အိမ်ထောင်တွေကွဲခဲ့ရတယ်။ ကလေးမိခင်တွေ မျက်ရည်ကျခဲ့ရတယ်။ လာမယ့်ကလေးတွေ ဒီအကြောင်းတွေသိပြီးတော့ ရှောင်ရှားနိုင်အောင်လို့ပါ။ မန်တုံက မူးယစ်ဆေးဝါးကတော့ ပျက်တယ်ဆိုတာတော့ မရှိဘူး။ ဝင်လာမြဲဝင်လာဆဲပဲ။ စိုက်ခင်းတွေ ပေါ်တင်ရောင်းတာမျိုးတော့ မရှိပါဘူး”လို့ ပြောပါတယ်။
စီတန်းလှည့်လည်ပွဲ မန်တုံမြို့နယ်မှာ ပထမဆုံးပြုလုပ်ခဲ့တာဖြစ်ပြီ မနက် ၉နာရီတွင် စတင်ခဲ့ပြီး နေလယ် ၁ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။
သတင်း - နိုင်နိုင်