မိတ္ထီလာမြို့ရှောင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ၁ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ
DVB
·
April 25, 2017
ရန်ကုန်-မန္တလေးလမ်း မိတ္ထီလာမြို့ရှောင်လမ်းမှာ ဟိုက်အေ့နဲ့ ၂၂ ဘီးတွဲကား တိုက်မိပြီး ၁ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှခဲ့တယ်လို့ မိတ္ထီလာမြို့မ ရဲစခန်းက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှောင်လမ်း ပျဉ်သာကျေးရွာအနီး ဧပြီလ ၂၄ ရက် မနက် ၃ နာရီလောက်မှာ တောင်ကြီးဘက်မှ မိတ္ထီလာကို လာတဲ့ မျိုးမြင့်ဟန်မောင်းတဲ့ ဟိုက်အေ့ကားနဲ့ မန္တလေးမှ ရန်ကုန်ကို လာတဲ့ အိုက်ငွေမောင်းတဲ့ ၂၂ ဘီးကားတို့ တိုက်မိပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့တာပါ။
မိတ္ထီလာမြို့ရဲစခန်း ဒုရဲအုပ်အောင်သူဟိန်းက “တောင်ကြီးလိုင်းကားပေါ်မှာ ခရီးသည် ၁၃ ဦး ပါတယ်။ ၁၂ ဦး ဒဏ်ရာရတယ်။ အမျိုးသား ၁ ဦးကတော့ အသက် ၄၅ နှစ်လို့ ခန့်မှန်းရတာဘဲ နာမည်တော့ မသိသေးဖူး။ ခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာနဲ့ သေဆုံးသွားတယ်။ အရှိန်တွေ များကြတော့ ကား ၂ စီးလုံးက ဒရိုင်ဘာတွေလည်း ဒဏ်ရာရကြတယ်။ ကြက်ခြေနီအဖွဲ့တွေလည်း ရောက်လာကြတယ်။ မိတ္ထီလာဆေးရုံ ကူညီပို့ပေးရတယ်” လို့ ပြောပါတယ်။
“ကားနှစ်စီး တိုက်လိုက်တဲ့ အသံကြီးက လန့်သွားအောင်မြည်တယ်။ တောင်ကြီး - မိတ္ထီလာလမ်းနဲ့ ရန်ကုန် - မန္တလေးလမ်း နှစ်ခုဆုံတဲ့နေရာ သတိပေးဆိုင်းဘုတ် ထားသင့်ပြီ်။ ရက်ဆက်ပဲ ကားတိုက်မှုဖြစ်နေတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့မရဲစခန်းက ယာဉ်မောင်း ၂ ဦးဖြစ်တဲ့ မျိုးမြင့်ဟန်နဲ့ အိုက်ငွေကို ယာဉ်မဆင်မခြင်မောင်းတဲ့အတွက် လူသေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)နဲ့ သာမန်/ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)