Home
မြန်မာသတင်း
မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းကို မြောက်ဦးတွင် ရုံးထုတ်စစ်ဆေး
DVB
·
April 24, 2017
ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပတဲ့ မြတန်ဆောင်ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်လောက်က မြောက်ဦးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ မြတန်ဆောင် ဆရာတော်နဲ့ ကိုခိုင်နီမင်း တို့ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့  ဦးအောင်ကျော်ဖြူက “ဒီနေ့ မနက်က ၁၁ နာရီဝန်းကျင် မြောက်ဦးတရားရုံးမှာ ရုံးထုတ် စစ်ဆေးပါတယ်။ နှစ်ဦးလုံး မေးပါတယ်။ ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်ရှိ မရှိဆိုတာကို တရားရုံးကမေးတယ်။ ဆရာတော်က အဆက်အသွယ်မရှိဘူးလို့ပြန်ဖြေတယ်။ ဒီလောက်ပါပဲ”လို့ ပြောပါတယ်။ မြတန်ဆောင်ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို စစ်တွေမှာရုံးထုတ်မယ်လို့ ကနဦးကတည်းက သတင်းတွေ ထွက်နေတာကြောင့် ဆရာတော်ရဲ့တပည့် ဒကာ၊ ဒကာမတွေနဲ့ ဒေသခံ၃၀၀ ဝန်းကျင်လောက်က စစ်တွေ တရားရုံးရှေ့မှာ စောင့်ဆိုင်းနေခဲ့ပေမယ့် မြောက်ဦးတရားရုံးကို ပြောင်းရွှေ့ရုံးထုတ်ခဲ့တာတွေ့ရပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပတာဟာ မတရားအသင်းအက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ပုဒ်မ ၁၇(၁) နဲ့ အာဏာပိုင်တွေက ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်တာပါ။ မြောက်ဦး မြတန်ဆောင်ဆရာတော် ဦးနန္ဒာသာရနဲ့ ကိုခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်မြို့နယ် အသီးသီးက ပြည်သူတွေက ဧပြီ ၂၁ ရက်နေ့ နေ့လယ်ပိုင်း မြောက်ဦးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ မြတန်ဆောင်ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့မရဲစခန်းအချုပ်ခန်းထဲမှာထားပြီး လာမယ့်မေလ ၂ ရက်နေ့မှာပြန်လည်ထပ်မံရုံးချိန်းထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024