DVB Logo
Home
မြန်မာသတင်း
လူ့​အခွင့်​အ​ရေး​ဟုဆိုပါက အစိုး​ရသစ်နှင့်​အ​ဟောင်း​ကို ခွဲမြင်ရန်လိုဟု ​ပြော
DVB
·
January 23, 2012
Donate to DVB

၂၀၁၁ ခုနှစ်မှာ မြန်မာပြည်ရဲ့​ လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေ နိမ့်​ကျတယ်လို့​ လူ့​အခွင့်​အ​ရေး​ ​လေ့​လာ​စောင့်​ကြည့်​ရေး​အဖွဲ့​ (အိပ်ခ်ျအာဒဗလျူ) ရဲ့​ ​ပြောဆိုချက်ဟာ သဘာဝမကျဘူး​လို့​ မြန်မာ့​အမျိုး​သား​ လူ့​အခွင့်​အ​ရေး​ကော်မရှင်က တုံ့​ပြန်လိုက်ပါတယ်။

အိပ်ခ်ျအာဒဗလျူရဲ့​ ထုတ်ပြန်ချက်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို လွှတ်​ပေး​တာ၊​ သမ္မတနဲ့​ ​တွေ့​တာ၊​ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင် ​ပေါ်လာတာ၊​ အကျဉ်း​သား​ လွှတ်​ပေး​တာ​တွေကို မျက်ကွယ်ပြုသလို ဖြစ်​နေတယ်လို့​ မြန်မာနိုင်ငံ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ ​ကော်မရှင် အတွင်း​ရေး​မှူး​ ဦး​စစ်မြိုင်က တုံ့​ပြန်လိုက်တာပါ။

“၂၀၁၁ ခု တနှစ်လုံး​ကို သိမ်း​ကျုံး​ပြောမယ်ဆိုရင်​တော့​ သိပ်သဘာဝမကျ မမျှတဘူး​လို့​ မြင်ပါတယ်။ ၂၀၁၁ ခုပဲ အပိုင်း​လေး​ ခွဲ​ပြောမယ်ဆိုရင်​တော့​ သဘာဝကျမယ်လို့​ မြင်ပါတယ်။”

အိပ်ခ်ျအာဒဗလျူရဲ့​ ​ကြေညာချက်ထဲ ၂၀၁၁ မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ အနည်း​ငယ် လွတ်​မြောက်လာပြီး​ အပစ်ရပ်သ​ဘောတူချက် ပျက်ခဲ့​တာ​တွေ စစ်ပွဲ​တွေမှာ အဓမ္မခိုင်း​စေမှု​တွေ၊​ လိင်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်တာ​တွေ၊​ လူသား​ဒိုင်း​ အသုံး​ပြုတာ​တွေ၊​ အရပ်သား​တွေကို ခွဲခြား​မှုမရှိ တိုက်ခိုက်တာ​တွေကို ​ထောက်ပြထား​ပြီး​ စစ်တပ်မှာ တာဝန်ရှိတယ်လို့​ ​ရေး​သား​ထား​ပါတယ်။

ဦး​စစ်မြိုင်က​တော့​ အစိုး​ရက လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို ဖွဲ့​စည်း​ပေး​တာ၊​ လူ့​အခွင့်​အ​ရေး​တွေကို ထိန်း​သိမ်း​ မြှင့်​တင်ဖို့​ တာဝန်များ​ပေး​အပ်ခဲ့​တာ၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို အကြိမ်ကြိမ် လွှတ်​ပေး​တာ​တွေ ရှိတယ်လို့​ တုံ့​ပြန်ပါတယ်။

၂၀၁၁ မှာ သူတို့​ ​ကော်မရှင်ဟာ ကချင်ပြည်နယ်ကိုသွား​ရောက် ​လေ့​လာဆန်း​စစ်ခဲ့​ပြီး​ စစ်ပွဲ​ကြောင့်​ ပြည်သူလူထုနစ်နာမှု​တွေ ​တွေ့​ခဲ့​ရတယ်လို့​ သူကဆိုပါတယ်။

“အဲဒီမှာ ပြည်သူလူထု​တွေ ထိခိုက်နစ်နာမှု​တွေ ရှိခဲ့​တယ်ဆိုတာကို​တော့​ ကျ​နော်တို့​အ​နေနဲ့​ မငြင်း​လိုပါဘူး​။ နှစ်ဖက်တိုက်ပွဲ​တွေ ဖြစ်ကျတဲ့​ အခါမှာ ပဋိပက္ခ​တွေ ဖြစ်တဲ့​အခါမှာ ကြား​က ​မြေဇာပင် ပြည်သူလူထု​တွေ ထိခိုက်နစ်နာမှု ရှိတာ​တော့​ အမှန်ပါဘဲ၊​ စိတ်ပိုင်း​ဆိုင်ရာလည်း​ ဖြစ်ပါတယ်။ ရုပ်ပိုင်း​ဆိုင်ရာလည်း​ ဖြစ်ပါတယ်၊​ စီး​ပွား​ရေး​ပိုင်း​ဆိုင်ရာလည်း​ ဖြစ်ပါတယ်။ ​သေဆုံး​သူ​တွေ၊​ ဒဏ်ရာရသူ​တွေ ရှိတယ် ဆိုတာလည်း​ မှန်ပါတယ်။ သို့​သော် ဒါ​တွေဟာလည်း​ ဘယ်သူ့​ကြောင့်​ ဖြစ်တယ်၊​ ဘယ်အဖွဲ့​ကြောင့်​ ဖြစ်တယ်ဆိုတာလည်း​ ​လေ့​လာ ဆန်း​စစ်မှသာ အ​ဖြေမှန်က ထွက်နိုင်မှာပါ။ ဒါက ကျ​နော်တို့​ ​တွေ့​ခဲ့​မြင်ခဲ့​တာကို တင်ပြခြင်း​ဖြစ်ပါတယ်။”

ဒါ့​အပြင် မြစ်ကြီး​နား​နဲ့​ အင်း​စိန်​ထောင်​တွေကို စစ်​ဆေး​တုန်း​ကလည်း​ အ​ခြေအ​နေ တိုး​တက်တာ မြင်​တွေ့​ခဲ့​တယ်လို့​ သူက ​ပြောပါတယ်။

အိပ်ခ်ျအာဒဗလျူ အာရှရုံး​ခွဲက အဆင့်​မြင့်​ သု​တေသီ ​ဒေး​ဗစ်စ​ကော့​ မက်သီဆန်က​တော့​ ၂၀၁၁ မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ အနည်း​ငယ်သာ လွတ်ခဲ့​ပြီး​ အများ​စု လွတ်တာဟာ ၂၀၁၂ နှစ်ဦး​မှ ဖြစ်တယ်လို့​ ဆိုပါတယ်။

“ကျ​နော်တို့​ ​ပြောတာက​တော့​ တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ အထူး​သဖြင့်​ ကချင်ပြည်နယ်မှာ ပဋိပက္ခ​တွေ ပိုဖြစ်​နေပြီး​တော့​ ထွက်​ပြေး​တိမ်း​ရှောင် ​နေရတဲ့​ ဒုက္ခသည်​တွေနဲ့​ အရပ်သား​တွေကို မ​တော်မတရား​ လုပ်တာ​တွေနဲ့​ အ​ခြေအ​နေ​တွေက ပိုဆိုး​ဝါး​ ​နေပါတယ်။ တိုင်း​ပြည်အတွင်း​မှာ ​မျှော်လင့်​ချက်နဲ့​ စိတ်ဝင်စား​ဖွယ် အ​ပြောင်း​အလဲ​တွေ ရှိခဲ့​ပေမယ်လည်း​ ကံမ​ကောင်း​စွာနဲ့​ မြန်မာပြည်ရဲ့​ ​နေရာ အ​တော်များ​များ​မှာ​တော့​ လူ့​အခွင့်​အ​ရေး​က​တော့​ မတိုး​တက်လာပါဘူး​။”

၂၀၁၂ နှစ်ဆန်း​မှာ​တော့​ မြန်မာအစိုး​ရက ထင်ရှား​တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ အ​တော်များ​များ​ကို ပြန်လွှတ်​ပေး​ခဲ့​သလို တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေကို တဖွဲ့​ချင်း​ အပစ်ရပ် ​ဆွေး​နွေး​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013