ပုဆိုးခါးပိုက်ထဲ ဘိန်းဖြူ ၁၀ ဂရမ်ကျော် သယ်လာသူကို မူးယစ်ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
April 24, 2017
ကလေးမြို့နယ်အတွင်းမှာ ဘိန်းဖြူမူးယစ်ဆေးဝါး ၁၀ ဂရမ်ကျော် သယ်ဆောင်လာတဲ့ အမျိုးသား တစ်ဦးကို ဧပြီ ၂၃ ရက်ညက ဖမ်းဆီးခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု ၅ ကလေးမြို့ တပ်ဖွဲ့မှူး ဒုတိယရဲမှူးတင်စိုးက ပြောပါတယ်။
“ကျနော်တို့တပ်ဖွဲ့စုအနေနဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ကလေးမြို့နယ်တဝိုက် ရှောင်တခင် ရှာဖွေနေစဉ်အတွင်း ကလေးနဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ကလေး-မော်လိုက်ကြီးလမ်းသွား လမ်းကလေးနယ်ပိုင်ထဲမှာ ဆိုင်ကယ်နဲ့လာတဲ့သူကို စစ်ဆေးရာကနေ သူ့ပုဆိုးခါးပုံထဲ ထည့်လာတဲ့ ဘိန်းဖြူမူးယစ်ဆေးဝါးကို တွေ့လို့ ဖမ်းဆီးခဲ့တာ” လို့ ဒုတိယရဲမှူးတင်စိုးက ပြောပါတယ်။
ဘိန်းဖြူ မူးယစ်ဆေးဝါး ၁၀ ဂရမ်ကျော်ကို ကလေးနယ် ရန်မျိုးအောင်ရွာနဲ့ သမိုင်းဝင် လက်ဆေးကန်အနီး ကံအောင်ရွာကြားမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ ဘိန်းဖြူတန်ဖိုး ကျပ် ၁၀သိန်း ၄သောင်းဖိုးလောက်ရှိပါတယ်။
ဘိန်းဖြူ မူးယစ်ဆေး သယ်ဆောင်လာသူဟာ ကံအောင်ကျေးရွာနေ ဦးဌေးလှိုင်ဆိုသူ ဖြစ်ပြီး ဘိန်းဖြူ မူးယစ်ဆေးကို အိန္ဒိယနိုင်ငံ မိုးရေးမြို့က ဝယ်ယူခဲ့တာလို့ သိရပါတယ်။
ယခု ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးမှု အပါအဝင် မူးယစ်တပ်ဖွဲ့စု ၅ ကလေးမြို့အနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း ၁၂ မှု ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေကိုလဲ မူးစိတ်ဥပဒေနဲ့အညီ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်