Home
မြန်မာသတင်း
မြိတ်နှင့်ပရာကျော့ ကုန်သွယ်မှု မြှင့်တင်ရေး ထိုင်းအဖွဲ့ လာရောက်ဆွေးနွေး
DVB
·
April 23, 2017
မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နဲ့ ထိုင်းနိုင်ငံ ပရာကျော့ခရိုင်တို့ ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ထိုင်းခရိုင်ဝန်ဦးဆောင်တဲ့အဖွဲ့က မြိတ်မြို့မှာ ဧပြီ ၂၂ ရက်နေ့က လာရာက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ပရာကျော့ခရိုင်ဝန် မစ္စတာ ထ၀ီ ဦးဆောင်တဲ့ လုပ်ငန်းရှင်တွေက မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို ဦးဆောင်တဲ့ လုပ်ငန်းရှင်တွေကို လာရောက်တွေ့ဆုံ ပြီး အရှေ့ဘက်ပင်လယ်နဲ့အနောက်ဘက် အက်ဒမန်ပင်လယ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အတွက်  လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဆွေးနွေးပွဲမှာ သတင်းသွားယူခဲ့တဲ့ ဒီဗွီဘီနယ်ခံသတင်းထောက် ကိုမြတ်ထွဋ်က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေးအပြင် မြိတ်မြို့မှာ ရေနက် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရေးအတွက်လည်း ထိုင်းဘက်က တင်ပြခဲ့ကြပြီး ရေနက်ဆိပ်ကမ်း တည်ဆောက်ပါက နည်းပညာတွေလည်း ကူညီပေးသွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အရှေ့ အနောက်ကုန်သွယ်မှုမှာ အရေးပါလာမယ့် ပရာကျော့ရေနက်ဆိပ်ကမ်းမှ မြိတ်ရေနက်ဆိပ်ကမ်း ကုန်သွယ်မှုလမ်းကြောင်းအား အထူးစိတ်ဝင် စားနေပြီး မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ထိုင်းဘက်က ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့ ကမ်းလှမ်းလာမှုကို အထက်တာဝန်ရှိသူတွေထံ တင်ပြပေးသွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြိတ်ကနေ မိုင် ၁၂၀ ကျော်သာကွာဝေးတဲ့ ထိုင်းနိုင်ငံ ပရာကျော့်ခရိုင်ဟာ ဘန်ကောက်မြို့နဲ့လည်း ကီလိုမီတာ ၂၀၀ သာ ကွာဝေးတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024