DVB Logo
Home
မေးမြန်းခန်း
တိုက်ပွဲ​ကြောင့်​ ​ဒေသခံများ​ ရင်ဆိုင်​နေရသည့်​ အခက်အခဲနှင့်​ပတ်သက်ပြီး​ ရှင်း​လင်း
DVB
·
January 23, 2012
တိုက်ပွဲ​ကြောင့်​ ​ဒေသခံများ​ ရင်ဆိုင်​နေရသည့်​ အခက်အခဲနှင့်​ပတ်သက်ပြီး​ ရှင်း​လင်း
Donate to DVB

မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ရင်ဆိုင်ရတဲ့ အခက်အခဲ ဒုက္ခအခြေအနေကို မြို့ပေါ်နေပြည်သူတွေ သိဖို့အတွက် ကချင်လူမှုကယ်ဆယ်ရေးအဖွဲ့တခုက ရန်ကုန်မြို့မှာ လာရောက် ရှင်းလင်းပြသပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့မွန်းလွဲပိုင်းမှာ ကျင်းပတဲ့ ဒီရှင်းလင်းပွဲမှာ ဒုက္ခသည်တွေရဲ့ အခြေအနေမှန် ပုံရိပ်တွေကို ဆလိုက်တွေနဲ့ ရှင်းလင်း ပြသခဲ့တာပါ။

ရှင်းလင်းပွဲကို ဦးစီးလုပ်ဆောင်သူ တဦးဖြစ်တဲ့ မသိင်္ဂီဦးက နှစ်ဘက်တပ်တွေဟာ တဖက်နဲ့ တဖက် စကားပြောဆိုနေချိန်မှာပဲ အောက်ခြေမှာ  တိုက်ပွဲတွေ ဖြစ်နေတာလို့ ရှင်းပါတယ်။

မသိင်္ဂီဦးကို မေးမြန်းချက်။

[caption id="attachment_20262" align="alignleft" width="310" caption="ကချင်ဒုက္ခသည်များ​"][/caption]

“ကချင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့​ ​ပြည်တွင်းစစ်​ အနေအထားက​ ​ဒေသခံပြည်သူလူထုတွေ ပြည်တွင်းမှာပဲ အကြီးအကျယ် ဒုက္ခရောက်နေတဲ့ အကြောင်းလေးကို မြို့ပေါ်မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေ သိရအောင် ပြောပြပေးတာပါ။”

ကျနော်တို့ ကြားသိနေရတာက ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကစပြီး တိုက်ပွဲတွေဖြစ်တော့ ဒုက္ခသည် ၆ သောင်းကျော်၊ ၇ သောင်းလောက် ရှိတယ်လို့ကြားတယ်။ မျက်မြင်အနေအထားအရ သူတို့အနေအထားက ဘယ်လိုမျိုး ဖြစ်ပါသလဲ။

“မျက်မြင်အနေအထားအရ ပြောရမယ်ဆိုရင် အကြမ်းတမ်းဆုံး ခံရတဲ့ မြို့နယ်တွေအနေနဲ့ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်တွေ၊ နောက် လိုင်ဇာဒေသ၊ ဒီဒေသက လူတွေကတော့ အကြမ်းတမ်းဆုံးနဲ့ အဆိုးဝါးဆုံး ခံရတဲ့ ဒေသတွေ ဖြစ်ပါတယ်။ သူတို့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် တချို့က ရွာတွင်းမှာပဲ ပြေးရင်းလွှားရင်းနဲ့ နီးစပ်ရာ ရွာနဲ့နီးတဲ့ နေရာတွေမှာ တဲထိုးပြီးတော့ နေကြတဲ့ စခန်းမျိုး ရှိပါတယ်။ တချို့ကတော့ မိုင်းရှင်းတဲ့လမ်းကြောင်းကို ပြေးရတာတွေ၊ သစ်တောထဲမှာ သွားနေရတဲ့ တောတွင်းစခန်းအနေအထား ရှိပါတယ်။ တတိယအမျိုးအစားကတော့ တရုတ်ပြည်နယ်စပ် ဒေသမှာရှိတဲ့ ရောက်သွားတဲ့ဒေသမှာ ဒုက္ခသည် စခန်းတွေဖွင့်ပြီး နေရတာတွေရှိပါတယ်။ စတုတ္ထ အမျိုးအစားကတော့ တရုတ်ပြည်နယ်စပ်ကို ၀င်သွားပြီးတော့ အဲဒီထဲမှာ ဂိုဒေါင်တို့၊ ဈေးဆိုင်တို့ကို ပိုက်ဆံပေး ငှားရမ်းပြီးတော့ စုပေါင်းပြီးနေရတဲ့ စခန်းတွေရှိပါတယ်။ အဲဒါမျိုး ခွဲထားတယ်။”

ကျနော်တို့ သတင်းတွေထဲမှာ ကြားရတာ ပထမပိုင်း စစ်ဖြစ်ဖြစ်ချင်း ထွက်ပြေးတဲ့ အိုးပစ်အိမ်ပစ် ဒုက္ခသည်တွေကို အလှူရှင်တွေက မကူညီနိုင်တဲ့အတွက် စားရေးသောက်ရေး ခက်ခဲတယ်လို့ ကြားတယ်။ အဲဒီအခြေအနေက အခု ပြေလည်သွားပြီလား။

“အဲဒါကတော့ ကူဖို့ ခွင့်ပြုချက်ရှိတာတော့ လူမှုရေး၊ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေမှာလည်း မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေမှ ကူဖို့ ခွင့်ပြုနိုင်တယ်ပေါ့။ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေမှာ ဗမာနိုင်ငံမှာက သိတဲ့အတိုင်းပဲ။ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းက အင်မတန် ရှားပါး ပါတယ်။ ရှားပါးတော့ ဒေသတွင်းမှာရှိတဲ့ သွားကူညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက် ဒုတိယ တချက်က ယူအန်ကနေ ကူညီတယ်။ ဆီတို့၊ ဆန်တို့လာပေးတယ်။ ဒါကလည်း အရမ်းကို နည်းပါးတဲ့ ပမာဏမျိုးပါ။ မထိရောက်ပါဘူး။ လိုအပ်ချက်က သောင်းဂဏန်းလောက် လိုနေချိန်မှာ သူတို့က ပြီးခဲ့တဲ့လကပဲ လာဝေသွားတယ်။ ဆန်အိတ် ၁၀၀၀ ဆိုတာမျိုးပေါ့။ လူ ၁၀၀၀စာ ဆန် အိတ်ပေါ့။ အဲလိုမျိုး ဝေသွားတာရှိပါတယ်။ ဆိုတော့ အများစု ကူညီနိုင်တာက အရပ်သားလူထုက အရပ်သားလူထုကို ပြန်ကူညီတာပေါ့။ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်သော စေတနာ့ဝန်ထမ်း လူတွေကပဲ ကိုယ့်ထမင်း ကိုယ်စားပြီး လိုက်ကူညီတာ များပါတယ်။ အဲဒါကတော့ ဘာသာရေး အသင်းတော်တွေရဲ့ ညှိနှိုင်းမှုကြောင့်၊ ခရစ်ယာန်ဖြစ်မယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေက တဆင့် ကူညီနိုင်ပါတယ်။”

ကချင်ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ခိုက်ကြတဲ့ နောက်ပိုင်းမှာ အပေါ်ပိုင်းမှာ စကားတွေပြောတာ ကျနော်တို့ တွေ့ရတယ်။ အဲလိုမျိုး တွေ့ဆုံတာမှာ ဒုက္ခသည်တွေ အရေအတွက် မလျော့သွားဘူးလား။ ဘယ်လိုကြုံခဲ့ရလဲ။

“ကျမတို့ စေတနာ့ဝန်ထမ်း သွားရောက်ကူညီနေတဲ့​ လူငယ်တွေကနေ ပြန်ရတဲ့ သတင်းအရတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ်လို့ ဖြစ်တဲ့အချိန်မှာ တိုက်ပွဲက ပိုမို ပြင်းထန်ပါတယ်။ ရွာတွေ ရွှေ့ပြောင်းရတာလည်း ပိုများတယ်။ နှစ်ဖက်သော စစ်တပ်များက သူတို့ရဲ့ လုံခြုံမှုရအောင် စီမံရင်းနဲ့ ချက်ချင်းရွာတွေကို ရွှေ့လိုက်ပြီး နေ့ချင်းညချင်း တက်သွားတာရှိပါတယ်။ နေ့ခင်းမှာ သွားဆွေးနွေးစဉ် ကာလမှာပဲ တိုက်ပွဲကဖြစ်နေတယ်။ တရုတ်ပြည်မှာ ဆွေးနွေးတယ်။ ဒီမှာ မနက်ထိ လာတိုက်နေတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာမှာ သမ္မတကြီးက အပစ်အခတ်ရပ်ဖို့ အမိန့်ပေးလိုက်တဲ့အချိန်ကစပြီး တိုက်ပွဲတွေက ထပ်ဖြစ်လာတယ်။”

အစ်မရဲ့ အပြောအဆိုတွေက အရင်တုန်းက စစ်ကောင်စီ ခေတ်တုန်းကဆိုရင် အင်မတန် အန္တရာယ်များတဲ့ စကားတွေ၊ အခုကာလမှာ အစ်မအနေနဲ့ ရန်ကုန်မြို့ရဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ပြောရဲတယ်ဆိုတဲ့ အနေအထားဆိုတော့ အစ်မအနေနဲ့ လက်ရှိနိုင်ငံတော် အစိုးရကို တော်တော်လေးကို ပွင့်လင်းလာတယ်။ ထင်သာမြင်သာ ရှိတယ်ဆိုပြီး မြင်မိလား။ ဘယ်လိုမြင်လဲ။

“အထိုက်အလျောက်တော့ ပွင့်လင်းမြင်သာမှု ရှိလာပါတယ်။ အဲဒါတော့ ကြိုဆိုပါတယ်။ ဒါကြောင့်မို့လည်း ကျမတို့ လူသားချင်း စာနာတဲ့လုပ်ငန်းတွေ ပိုပြီးတော့ ထိထိရောက်ရောက် ထည်ထည်ဝင်ဝင် လုပ်တာပါ။  အန္တရာယ်များတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျမတို့ ဒီကိစ္စကို စွန့်စားပြီး လုပ်ကြတယ်ပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013