A d v e r t i s e m e n t With Us

ကျောက်တော်တွင် မိုးကြိုးထိမှန်၍ ဇနီးမောင်နှံနှစ်ဦး တပြိုင်တည်း သေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပြည်ကြီးကျေးရွာမှာ ဧပြီ ၂၁ ရက်နေ့ ညနေ ၃ နာရီဝန်ကျင်းက မိုးကြိုးထိမှန်တာကြောင့် ဇနီးမောင်းနှံ နှစ်ဦး တပြိုင်တည်း သေဆုံးသွားတယ်လို့ ရွှေပြည်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က ဒီဗွီဘီကိုပြောပါတယ်။ “မနေ့က ဘယ်အချိန်မှာ သူတို့နှစ်ဦး မိုးကြိုးအပစ်ခံရတယ်ဆိုတာ မသိဘူး။ ကျနော်တို့သတင်းရလို့ သွားကြည့်တဲ့အချိန်မှာကတော့ ၅ နာရီဝန်းကျင်လောက်ရှိပါတယ်။ မိန်းမဖြစ်သူကတော့ ထမင်းချက်ဖို့ လုပ်နေတာ။ အဲဒီမှာ မိုးကြိုးအပစ်ခံရတာ။ ထိုင်ပြီးသေနေတယ်။ ယောက်ျားဖြစ်သူကတော့ အစွန်းနားမှာ သေနေတာ၊ တပြိုင်နက်တည်း နှစ်ဦးလုံး သေနေတာပါ။ မိန်းမမှာတော့ ဘေးဘက်အထက်ပိုင်းတခြင်းလုံး မီးလောင်းကျွမ်းသလို ယောက်ျားကတော့ ရင်ဘတ်တခုလုံး မဲနေတယ်။” မနေ့က နေ့လယ်က ၁ နာရီကြားနဲ့ ၃ နာရီကြားတခါ မိုးရွာသွန်းခဲ့ပြီး ညနေ ၇ နာရီအထိ မိုးဆက်တိုက်ရွာကာ မိုးကြိုးတွေ ခဏခဏပစ်နေခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ သေဆုံးသူနှစ်ကတော့ ကိုသန်းဌေး အသက် ၂၉ နှစ်နဲ့ မဘုဘု အသက် ၂၈ နှစ် ရွှေပြည်ကျေးရွာကဖြစ်ပြီး သေဆုံး အလောင်းတွေကို မနေ့ည ၉ နာရီအချိန်က ရွှေပြည်ကျေးရွာကနေ ကျောက်တော်ရင်ခွဲရုံကို သယ်ယူလာခဲ့ပါတယ်။ မိုးကြိုးအပစ်ခံရလို့ သေဆုံးသူနှစ်ဦးကိုတော့ ဒီကနေ့နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်မှာဖြစ်ပြီး သူတို့နှစ်ဦးမှာ အသက် ၄ နှစ်အရွယ် ယောက်ျားလေးတဦးနဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးတဦး ကျရစ်ခဲ့ပါတယ်။ သူတို့နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ သေမှုသေခင်းအရ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ ကျောက်တော်မြို့မ ရဲစခန်းက ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ-ဇော်ဝင်း

A d v e r t i s e m e n t With Us

More News
Up