ပြီးခဲ့တဲ့ ဇွန်လ ကတည်းက Union လို့ အမည်ပေးထားတဲ့ တိုင်းရင်းသားဂျာနယ် ထုတ်ဝေခွင့်အတွက် ရန်ကုန်စာပေစိစစ်ရေးရုံးမှာ စုံစမ်းလို့မရ ဖြစ်နေပါတယ်။
Union ဂျာနယ် ထုတ်ဝေခွင့်အတွက် ၀န်ကြီးရဲ့ မှတ်ချက်နဲ့ ရန်ကုန် စာပေစိစစ်ရေးမှာ သွားရောက် စုံစမ်းဖို့ ပြောကြားခဲ့ပေမယ့် ရန်ကုန် စာပေစိစစ်ရေးရုံးက ဘာမှ သိရှိရခြင်း မရှိဘူးလို့ အကြောင်းပြန်တယ်လို့ ဂျာနယ်ထုတ်ဝေခွင့်အတွက် ဆောင်ရွက်နေတဲ့ ဦးစောသန်းမြင့်က ပြောပါတယ်။
“ကျနော်တင်ထားတဲ့ Union ဂျာနယ်ကတော့ အမျိုးမျိုးပဲဗျ၊ သက်ဆိုင်ရာက လက်ထောက် ညွှန်ကြားရေးမှူး နေပြည်တော်ကို ဖုန်းဆက်လိုက်တော့ ၀န်ကြီးက မှတ်ချက်ချပြီး ပို့လိုက်ပြီလို့ ပြောတယ်။ ဒါပေမယ့် ရန်ကုန်စာပေစိစစ်ရေး ရုံးမှာတော့ ဘာမှ မသိရသေးဘူးလို့ ပြောတယ်ဗျ။ ကျနော်လည်း မသိတော့ဘူး ဖြစ်နေတယ်။”
ပြီးခဲ့တဲ့ ဇွန်လကတည်းက လွန်ခဲ့တဲ့ ထုတ်ဝေခွင့် တင်ထားခဲ့ပေမယ့် ၆ လကျော်ကြာပြီးနောက် ဒီလ ပထမပတ်မှာ အခုလို ပြန်ကြားခဲ့တာပါ။
ထုတ်ဝေခွင့် မရခဲ့ဘူးဆိုရင်တော့ တခြား ထုတ်ဝေခွင့်ရထားတဲ့ ဂျာနယ်တခုခု ဆီကနေ ထုတ်ဝေခွင့်ကတ်ကို ငှားရမ်းဆောင်ရွက်သွားဖို့ ရှိနေပေမယ့် ထုတ်ဝေခွင့်ရ မရ သိရှိရခြင်း မရှိတဲ့အတွက် ရှေ့ဆက် လုပ်ဆောင်ဖို့ ခဲယဉ်းနေတယ်လို့လည်း ဆိုပါတယ်။
“မီဒီယာ လွတ်လပ်ခွင့် မရှိသေးဘူးလို့ဘဲ ကျနော်က သုံးသပ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ဂျာနယ်တစောင် ထုတ်ဝေခွင့် ဒီလောက် ၇ လအချိန် စောင့်ဆိုင်းစရာ မလိုဘူးလေ ကျနော်တို့ အမြင်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ မူကိုတော့ ကျနော်တို့ မသိဘူး။ ဘယ်လိုမူနဲ့ ဆုံးဖြတ်တယ်ဆိုတာကိုတော့ မပြောတတ်ဘူး။ မူအရ မကိုက်ညီလို့ မပေးတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အဆုံးသတ်လိုက်ရင် ဒါက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ လိုအပ်သေးသလား ထင်တယ်။”
ကချင်၊ ကရင်နီ၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်း၊ ရခိုင် စတဲ့ တိုင်းရင်းသားဒေသများက အဖြစ်အပျက်တွေကို ဖော်ပြဖို့ တိုင်းရင်းသားဂျာနယ်ကို ဇွန်လ ကတည်းက ထုတ်ဝေခွင့်တင်ထားခဲ့ပါတယ်။
အစိုးရသစ် လက်ထက်မှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ယခင်ကထက် ပိုမိုရရှိနေပြီဖြစ်ပေမယ့် တိုင်းရင်းသားဒေသက လူအခွင့်အရေး ချိုးဖောက်တဲ့ သတင်းတွေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲသတင်းတွေကိုတော့ လွတ်လွတ်လပ်လပ် ပုံနှိပ်ဖော်ပြခွင့် မပေးသေးပါဘူး။