A d v e r t i s e m e n t With Us

တာလီဘန်အဖွဲ့က အာဖဂန်စစ်တပ်အခြေစိုက်စခန်းကို တိုက်ခိုက်၊ ၅၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ စစ်တပ်ဝတ်စုံတွေ ဝတ်ထားတဲ့ တာလီဘန် တိုက်ခိုက်ရေးသမားတွေက စစ်တပ်အခြေစိုက်စခန်းက စားရိပ်သာနဲ့ ဗလီကို ဧပြီ ၂၁ ရက်နေ့က ဝင်တိုက်ခဲ့မှုကြောင့် စစ်သည် ၈ ဦး အပါအဝင် အာဖဂန် အယောက် ၅၀ ကျော် သေဆုံးတယ်လို့ အမေရိကန် စစ်တပ် ပြောခွင့်ရက ပြောပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ တိုက်ခိုက်ခံရတာ ရှိတယ်ဆိုတာတော့ သူမကြားမိသေးတဲ့အကြောင်း အမေရိကန် စစ်တပ် အလယ်ပိုင်းစစ်တိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဂျွန် သောမတ်စ်က ပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်တဲ့နေရာနဲ့ ညွန့်ပေါင်းတပ်တွေ ဘယ်လောက် နီးနီးကပ်ကပ် ရှိသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။ စစ်ကား ၂ စီးပေါ်က တိုက်ခိုက်သူ ၆ ယောက်က ဒဏ်ရာရစစ်သည်တွေကို သယ်လာလို့ အမြန်ဝင်ဖို့လိုကြောင်း စခန်းဝင်ပေါက်က အစောင့်တွေကို ပြောခဲ့တဲ့အကြောင်း အာဖဂန် စစ်တပ် ပြောခွင့်ရ နတ်စ်ရာတူလာ ဂျမ်ရှီဒီက ပြောပါတယ်။ လောင်ချာဗုံးသီးတွေ၊ သေနတ်တွေနဲ့ တိုက်ခိုက်အပြီး တိုက်ခိုက်သူ တယောက် သေဆုံးတယ်၊ ငါးယောက်ကို ဖမ်းထားတယ်လို့ ဆိုပါတယ်။ အခြေစိုက်စခန်းကို ချိုးဖျက်ဖို့ အသေခံ ဗုံးခွဲသူတွေကို စေလွှတ် ဗုံးခွဲခဲ့တယ်လို့ တာလီဘန် ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က ပြောပါတယ်။ ဒီစခန်းထဲမှာ ဂျာမန်နဲ့ တခြား နိုင်ငံခြားသား စစ်သည်တွေလည်း အခြေစိုက် နေထိုင်သလို နေတိုး ဦးဆောင်တဲ့ နိုင်ငံပေါင်းစုံတပ်တွေက အာဖဂန်လုံခြုံရေးတပ်တွေကို အကြံပေး သင်တန်းပေးဖို့ စစ်ဆင်ရေး အစိတ်အပိုင်းအနေနဲ့ စခန်းထဲမှာ နေထိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up