စီးပွားကူးသန်း ပြည်ထောင်စု ဒုဝန်ကြီးကို လိုအပ်ချက်အရခန့်အပ်ဟု ဦးဝင်းထိန်ပြော

568
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဒုတိယဝန်ကြီးအဖြစ် ဦးအောင်ထူးကို သမ္မတ ဦးထင်ကျော်က ခန့်အပ် တာဝန်ပေးလိုက်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၁၉ ရက်နေ့မှာ အမိန့်ထုတ်ပြန်ပါတယ်။
စီးပွားကူးသန်း ပြည်ထောင်စု ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဟာ အင်ဒိုနီးရှားနိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်းတဦး ဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယဝန်ကြီးတွေ ခန့်အပ်ရာမှာ ဝန်ကြီးဌာနရဲ့ လိုအပ်ချက်အရ ခန့်အပ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။
“ဒုဝန်ကြီးက လိုအပ်ချက်အရပဲ ခန့်ပါတယ်။ လိုအပ်ချက်ဆိုတာ သက်ဆိုင်ရာ ဝန်ကြီးတွေက သူတို့လုပ်တဲ့နေရာမှာ ဒုဝန်ကြီးလိုပါတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမယ်။ တင်ပြတဲ့အခါမှာ ရွေးပြီးတော့ အဆင်ပြေသလို ခန့်တာပေါ့။ လုပ်ငန်းများတယ်၊ ဥပမာ - ဒေါက်တာအောင်သူဆို စိုက်ပျိုးရေးရော၊ မွေးမြူရေးရော၊ ဆည်မြောင်းရော အင်မတန်ကျယ်ပြန့်တယ်။ နောက် စွမ်းအင်တို့ လျှပ်စစ်တို့ဆိုလည်း များတဲ့အခါကျတော့၊ လုပ်ငန်းများတယ်ဆိုတာ အဲဒါကိုပြောတာ။ မနိုင်နင်းဘူးပေါ့။ အဲတော့ ဝန်ကြီးတွေက လိုအပ်တယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ၊ ဒေါ်အောင်ဆန်းစုကြည်က ဒီလူ အရည်အချင်းရှိတယ်၊ အကျင့် စာရိတ္တကောင်းတယ်၊ နောက်ပြီးတော့ ဝန်ကြီးနဲ့ ပြေလည်မယ်ဆိုရင်တော့ ခန့်တာ သူ ခန့်တာပေါ့။”
သမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်က နိုင်ငံဘဏ္ဍာငွေ ချွေတာတဲ့အနေနဲ့ ဒုဝန်ကြီးတွေကို မခန့်အပ်ဘူးလို့ ပြောထားတာဖြစ်ပေမယ့် အခု ခန့်အပ်လိုက်တဲ့ ဒုဝန်ကြီးနဲ့ပါဆိုရင် မြန်မာအစိုးရအဖွဲ့ထဲမှာ ပြည်ထောင်စု ဒုဝန်ကြီး ၁၁ ဦးရှိသွားပြီ ဖြစ်ပါတယ်။