Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် အစာရေစာ ပြတ်လပ်မှုကို ကူညီရန်လို
DVB
·
January 23, 2012
ချင်းပြည်နယ်မှာ ဒီနှစ် ကောက်ပဲသီးနှံတွေ အထွက်နှုန်း လျော့ကျခဲ့ပြီး နောက် သုံးလေးလ ဆိုရင် အစာရေစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဗြိတိန်အခြေစိုက်အဖွဲ့တဖွဲ့က သတိပေးထားပါတယ်။ ဒါ့အပြင် မိုးများပြီး တောင်ယာပျက်စီးမှုကြောင့် အစာရေစာ ပြတ်လပ်ပြီး လူ ၁ သိန်းနီးပါး ထိခိုက်နိုင်တဲ့အကြောင်း ဗြိတိန် အခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (HART) ကလည်း ဒီတပတ်ထဲမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က “ဖြစ်သင့်တာကတော့ အန်ဂျီအိုတွေ၊ အစိုးရကိုင်တိုင် ဒီနေရာမှာ ဦးစားပေးပြီးတော့ ဖြေရှင်းဖို့ကောင်း ပါတယ်၊ အစိုးရဆိုတဲ့အခါမှာ ချင်းပြည်နယ် အစိုးရက အပြည်အ၀ တာဝန်ရှိပါတယ်။ ချင်းတွေ ဒုက္ခရောက်တယ်၊ ချင်းတောင်မှာ ဆန်ရေစပါး ရှားပါးတယ်။ သဘာဝ ဘေးအန္တရာယ်တွေ ဒီလောက်ကျရောက်တယ် ဆိုရင်တော့ အနည်းဆုံး အန်ဂျီအိုတွေ လွတ်လွတ်လပ်လပ် ၀င်ထွက်ခွင့်ပြုရမှာ ဖြစ်ပါတယ်။” ချင်းပြည်နယ်တောင်ပိုင်းဟာ ကောက်ပဲသီးနှံ အထွက်နှုန်း လျော့ကျခဲ့တဲ့ အတွက် ပိုထိခိုက်နိုင်တယ်လို့လည်း ဗြိတိန်အခြေစိုက် အဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်ဝ မြို့နယ်က လူတွေက အစာရေစာ ပြတ်လပ်မှုကြောင့် ပြောင်းရွှေ့နေထိုင် ရဖွယ်ရှိတယ်လို့လည်း ပါရှိပါတယ်။ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်တွေအနက် တခုဖြစ်ပြီး ပြည်နယ်တွင်းနဲ့ တခြား ပြည်နယ်တိုင်းတွေကို လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ပိုမိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ချင်းပြည်နယ်မှာ ကြွက်တွေ ကောက်ပဲသီးနှံကို ဖျက်ဆီးခဲ့တဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ ရွာတွေမှာ အစာရေစာပြတ်လပ်မှုကြောင့် သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ တပိုင်တနိုင် စေတနာရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကတော့ ဒေသခံတွေရဲ့ လိုအပ်ချက်ကို မဖြည့်တင်းနိုင်ပါဘူးလို့ ဦးဇိုဇမ်က ပြောပါတယ်။ “ကိုယ့်ပါတီနဲ့ ကိုယ်အသိုင်းအ၀န်းနဲ့ သွားပြီးတော့ ဆန်တို့ ဆားတို့ လှူတာ ပေါ့ဗျာ၊ အဲဒီအဆင့်ပဲရှိပါတယ်။ ဒုက္ခရောက်တာကတော့ အမှန်တကယ် ဒုက္ခရောက်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024