Homeမြန်မာသတင်း
ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအလွဲသုံးစားမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအလွဲသုံးစားမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
DVB
·
January 20, 2012

၁။ ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်သူများက လုပ်ငန်းအတွက် သတ်မှတ်ပေးထားသော အဖွဲ့အစည်းပိုင် ငွေများကို အလွဲသုံးစားပြုလုပ်နေကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ အုပ်ချုပ်ရေး တာဝန်ရှိသူများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူးတို့က အထောက်အထားအခိုင်အမာ တွေ့ရှိခဲ့သည်။ ငွေကြေးစီမံခန့်ခွဲရေး အပါအဝင် မြန်မာပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်တာဝန်ယူသူ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့နှစ်ဦးသည် မမှန်ကန်သော ငွေစာရင်းများတင်ပြကာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် အဖွဲ့ပိုင်ငွေကြေးများကို မတရားရယူနေကြောင်း သက်သေ အထောက်အထားများအရ သိရသည်။ ထို့ကြောင့် ယမန်နှစ် စက်တင်ဘာလက ထိုငွေကြေးအလွဲသုံးစားမှုကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဘုတ်အဖွဲ့သို့တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ငွေကြေးအလွဲသုံးစားမှုကို တာဝန်ယူ စုံစမ်းဖော်ထုတ်ခဲ့သည်။
[caption id="attachment_20219" align="alignright" width="300" caption="ငွေကြေးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ကောက်မြို့ နေအိမ်"]
[/caption]
၂။ လွတ်လပ်၍ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုကို ဦးတည်သောအားဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့သည် စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ စီမံခန့်ခွဲရေးတာဝန်မှ ယာယီရပ်နားပြီး အသံလွှင့်လုပ်ငန်းပိုင်းကိုသာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း ဒီဗွီဘီ စီမံခန့်ခွဲရေးကို တာဝန်ယူရန် ယာယီ ဦးဆောင်ညွှန်ကြားမှူးအဖြစ် ဦးဟန်ညောင်ရွှေနှင့် ယာယီရုံးအုပ်ချုပ်ရေးမှူးအဖြစ် Ms. Vibeke Hermanrud တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
၃။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှားရမ်းခဲ့သည်။ နော်ဝေး နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သော PwC ရုံးခွဲများမှ စုံစမ်းစစ်ဆေးရေးမှူး ခြောက်ဦးသည် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ စုံစမ်းစစ်ဆေးခဲ့သည်။ အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးချုပ်ရှိ ဝန်ထမ်းများကို ပထမမေးမြန်းပြီး ငွေစာရင်းများ၊ သက်သေ အထောက်အထားများကို စစ်ဆေးခဲ့သည်။ နော်ဝေး PwC ရုံးမှ စစ်ဆေးရေးမှူးနှစ်ဦးနှင့် ထိုင်းနိုင်ငံ PwC ရုံးမှ စစ်ဆေးရေးမှူး တဦးတို့က နိုဝင်ဘာလလယ်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း စုံစမ်းစစ်ဆေးခဲ့သည်။
၎။ ယခုအခါ PwC က ၎င်းတို့စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက တွေ့ရှိချက်များထဲတွင် အောက်ပါအချက်များ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့အသံ၏ ပြည်တွင်း သတင်းလုပ်ငန်း ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီးကြပ်နေသော အော်စလိုအခြေစိုက် တာဝန်ခံ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ပြည်တွင်းသတင်းလုပ်ငန်းအတွက် ငွေကြေးကို မဲဆောက်မှ ကြီးကြပ်သူ ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့ နှစ်ဦးမှာ အလွဲသုံးစားလုပ်သူများ ဖြစ်ကြောင်း PwC အစီရင်ခံစာ က ထောက်ပြထားသည်။
(ခ) အလွဲသုံးစားလုပ်ခဲ့သည်ဟု PwC က အတည်ပြုသော ငွေပမာဏမှာ နော်ဝေးငွေ ကရောင်း ၂,၂၁၈,၁၄၁၊ (အမေရိကန်ဒေါ်လာ ၃၆၉,၀၇၅၊ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံးစား ပြုလုပ်ခံရသော ငွေများမှာ ပြည်တွင်းနှင့် မဲဆောက်ရုံးတာဝန်ကျ သတင်းထောက်နှင့် ဝန်ထမ်းများ၏ လစာငွေများ၊ ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များ၏ မိသားစုများအတွက် ပေးသော ထောက်ပံ့ငွေများ၊ ရုံးခန်းငှားခများနှင့် လုပ်ငန်း လည်ပတ်စရိတ်အတွက် သတ်မှတ်ပေးထားသော ငွေများဖြစ်သည်။
(ဂ) အလွဲသုံးစားလုပ်၍ စုဆောင်းရရှိသော ငွေများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အိမ်များ၊ တိုက်ခန်းများ၊ မော်တော်ယာဉ်များ၊ မြေကွက်များ ဝယ်ယူထားသည့်အပြင် လောင်းကစားနှင့် အခြား စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။
(ဃ) အကျဉ်းထောင်အသီးသီးတွင် ထောင်ချခံခဲ့ရသည့် ဒီဗွီဘီ သတင်းထောက်များနှင့် မိသားဝင်များအတွက် ထောက်ပံ့ငွေများကိုအလည်း အလွဲသုံးစား လုပ်ခဲ့ကြသည်။
၅။ အလွဲသုံးစားငွေများထဲမှ ဘတ်ငွေ နှစ်သန်းခုနစ်သိန်းဖြင့် ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထားသော ဘန်ကောက်မြို့ရှိ အိမ်တလုံးကို ဒီမိုကရက်တစ်မြန်မာ့အသံက ပြန်လည်သိမ်းယူထားပြီးဖြစ်သည်။ ကျန်နေသေးသော အထက်ဖော်ပြပါ ပစ္စည်းများကို သိမ်းယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်။
၆။ စုံစမ်းစစ်ဆေးမှု စတင်ကတည်းက ဖော်ပြပါ အလွဲသုံးစား လုပ်သူများသည် သူတို့အပေါ် နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း ကောလာဟလသတင်းများ လွှင့်ခဲ့သည်။ ပြည်တွင်းသတင်း ကွန်ရက်တွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များနှင့် နိုင်ငံရေးအဖွဲ့များအကြား သတင်းမှားများ ဖြန့်ချိကာ ဒီမိုကရက်တစ်မြန်မာ့အသံ အကွဲအပြဲဖြစ်သယောင် လုပ်ဆောင်နေသည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်များ၏ စွန့်စားလုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည့် "Burma VJ" မှတ်တမ်းတင် ရုပ်ရှင်ကား အမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သော အဖွဲ့ကို တည်ထောင်ထားသည်။ ထို့အပြင် ဒီမိုကရက်တစ်မြန်မာ့အသံက ထုတ်ပေးထားသော ပစ္စည်းကိရိယာများ၊ ဒီမိုကရက်တစ်မြန်မာ့အသံ မူပိုင်ဖြစ်သော archive ဗွီဒီယို၊ ဓာတ်ပုံနှင့် အခြား အရေးကြီး သတင်းအချက်အလက်များကိုလည်း ပြန်လည်အပ်နှံခြင်းမရှိဘဲ သိမ်းယူထားဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်းများအား အလွဲသုံးစား လုပ်ထားခြင်းအပေါ် ဆက်လက် အရေးယူဆောင်ရွက်သွားမည်။
၇။ အခက်အခဲများစွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသော ပြည်တွင်းသတင်းကွန်ရက်မှ သတင်းထောက်များအားလုံးကို ချီးကျူးဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်လည်လက်တွဲလုပ်ကိုင်လိုသော ဒီဗွီဘီ သတင်းထောက်များအားလုံးကို ဖိတ်ခေါ်ပါသည်။
၈။ ဘုတ်အဖွဲ့က ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို ၎င်းတို့ယာယီနုတ်ထွက်ထားသော ရာထူးများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးများတွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက အသီးသီး ပြန်လည်ခန့်အပ်ထားပြီး ဖြစ်သည်။
ဆက်သွယ်ရန်
1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ [email protected], +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့အသံရှေ့နေ၊ [email protected], +47 92 88 67 79
3. ဦးအေးချမ်းနိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ [email protected], +47 91107743
4. ဦးခင်မောင်ဝင်း၊ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး၊ [email protected], +47 45276649
ဇန်နဝါရီလ (၂၀) ရက်နေ့၊ ၂၀၁၂ ခုနှစ်။ အော်စလိုမြို့
