Home မြန်မာသတင်း ပြန်လွတ်လာသည့် သံဃာများကို သိက္ခာထပ်ပွဲ ကျင်းပပေးမည်
ပြန်လွတ်လာသည့် သံဃာများကို သိက္ခာထပ်ပွဲ ကျင်းပပေးမည်
ရွှေအောင်
·
January 20, 2012
buddish အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာကြတဲ့ ရဟန်းသံဃာတော်တွေကို သိက္ခာထပ်မင်္ဂလာပွဲ ကျင်းပပေးဖို့ရှိပါတယ်။
သိက္ခာထပ် မင်္ဂလာပွဲကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခက ဦးစီး ကျင်းပမှာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက် မနက် ၉ နာရီ ကျင်းပပြုလုပ်မှာပါ။
ဆရာတော်ဦးပါမောက္ခက“မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာသော ရဟန်း သံဃာတော်များ၊ ဦးဂမ္ဘီရနှင့်တကွ သံဃာတော်အပါး ၃၀၊ ပင့်သံဃာ ၁ဝ ပါး ပေါင်း သံဃာတော်အပါး ၄ဝလောက် သိမ်ဆင်းပြီးတော့ ဘုန်းကြီးတို့ဟာ ထိုရဟန်းသံဃာတွေကို သာသနာ့ဝန်ကို ပြန်လည် ထမ်းဆောင်နိုင်ရန်အတွက် မြန်မာတပြည်လုံးမှာ ရှိတဲ့ သာသနာတော်ကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေအားလုံး လှူဒါန်းခွင့်ရအောင် သာသနာပြုခွင့်ရအောင် ဘုန်းကြီးက စီမံပြီးတော့ သံဃာတော်တွေကို သိမ်ထပ်တဲ့ပွဲ ပြုလုပ်မှာပါ” လို့ မိန့်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်မှာ ပြုလုပ်မယ့် သိက္ခာထပ်မင်္ဂလာပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အားလုံးကို ဖိတ်စာနဲ့တကွ ဖိတ်ကြားထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
သာသနာ့တာဝန်တွေ ပြန်လည် ထမ်းဆောင်ဖို့အတွက် သိက္ခာထပ်မယ့် ဆရာတော်တွေထဲမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအပြင် မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣန္ဒက၊ ဦးပညာစာရ (စစ်တွေ) စတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်တွေ ပါဝင်ပါတယ်။
အခုသိက္ခာထပ်မယ့်ထဲမှာပါတဲ့ ရဟန်းသံဃာတော်တွေနဲ့ ပတ်သက်ပြီး မကွေးပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပါမောက္ခက ခုလို မိန့်ကြားခဲ့ပါတယ်။
“ဘုန်းကြီးပြောချင်တာကတော့ မြန်မာနိုင်ငံမှာ အကျဉ်းထောင် အသီးသီးမှာ ကျရောက်နေသော ရဟန်းသံဃာတော် အရှင်သူမြတ်များသည် ပါရာဇိက သိက္ခာပုဒ် ၄ ပုဒ်ကို ကျူးလွန်ခြင်းကြောင့်လည်း မဟုတ်ပါဘူး။ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ရဟန်းသံဃာတော်တွေလည်း မဟုတ်ပါဘူး။ အမှန်တကယ် တရားမျှတမှုကို လိုလားသောကြောင့် အကျဉ်းကျခံရသော သာသနာ့ အာဇာနည်များဖြစ်ပါသည်။ ထိုသာသနာ့ အာဇာနည်များ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် ကြည်ညိုပြီး သဒ္ဓါတရား ပွားများစေချင်ပါသည်။”
ဆက်စပ်သတင်းများ