Homeမေးမြန်းခန်းတဖြဲ့တည္း ငြိမ်းချမ်းနေရုံနဲ့ ပြည်ထောင်စုကြီးတခုလုံးရဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး
တဖွဲ့တည်း ငြိမ်းချမ်းနေရုံနဲ့ ပြည်ထောင်စုကြီးတခုလုံးရဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှစ်ရက်တာ ပဏာမ တွေ့ဆုံမှု အစည်းအဝေးဟာ အောင်မြင်မှုရတယ်လို့ ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
တရုတ်နိုင်ငံရွှေလီမြို့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ ပဏာမ တွေ့ဆုံပွဲက ဘယ်လို သုံးသပ်ပါသလဲ။
“အခုဒီတခေါက် ကျနော်တို့ တွေ့တဲ့ဟာကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ငန်စဉ်တခုလုံးရဲ့ ပဏာမတွေ့ဆုံမှုဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျနော်တို့ ဒီလို သုံးနှုန်းထားတာဖြစ်ပါတယ်။”
တွေ့ဆုံမှုရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်အောင်မြင်တယ်လို့ ပြောလို့ရပါသလဲ။
“ဒီမဏာမတွေ့ဆုံမှုဆိုတဲ့ အစည်းအဝေးကတော့ အောင်မြင်မှု ရတယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပဲ၊ ကျနော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ညှိနှိုင်းသွားဖို့ ကျနော်တို့က သဘောတူထားကြတယ်။ နောက်ပြီးတော့ မှန်ကန်တဲ့ သတင်းတွေ ကျနော်တို့ ပြည်သူအများသိစေဖို့ ထုတ်ပြန်သွားမယ်ဆိုတဲ့ဟာလည်း ကျနော်တို့ သဘောတူတယ်။ နောက် စစ်ရေးအရှိန်တွေကို ထိန်းသိမ်းသွားမယ်၊ ယုံကြည်မှုတည်ဆောက်မယ်။ အဲဒီတော့ ပြဿနာတွေ ဖြစ်နိုင်မယ့် ဒေသမှာ ရှိတဲ့ အစိုးတပ်နဲ့ ကျနော်တို့ ကေအိုင်အေတပ်တွေနဲ့ နှစ်ခုစလုံးရဲ့ အနေအထားတွေကို ကျနော်တို့က ဆက်လက်ပြီး ညှိနှိုင်းသွားမယ် ဆိုတဲ့ဟာတွေကို သဘောတူညီထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အကျိုးအမြတ်ရှိတယ်လို့ ပြောလို့ ရပါတယ်။”
နှစ်ဘက်ကိုယ်စားလှယ်တွေက အပစ်အခတ်ရပ်စဲရေးဆိုတဲ့ မဏ္ဍိုင်ကို မရောက်နိုင်သေးတာက ဘာအကန့်အသတ်လေးတွေ ရှိနေလို့လဲ။
“အပစ်ခတ်ရပ်စဲရေးကတော့ ဒီလိုပါ။ ကျနော်တို့အခု တပ်တွေက ၈ လ လောက် တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ နေရာဒေသအနှံ့အပြားမှာ ကျနော်တို့က အင်မတန်မှ နီးနီးကပ်ကပ်ရှိနေပါတယ်။ အဲဒီတော့ ဒီလိုအချိန်မျိုးမှာ အပစ်အခတ်ရပ်စဲရေးကိုပဲ အဓိကထားပြီး ဆွေးနွေးမယ်ဆိုလို့ရှိရင် ကျနော်တို့က ဖြေရှင်းရတာ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အပစ်အခတ်ရပ်စဲရေး ဆိုတာကို အဓိကရှေ့တန်းတင်ပြီး ပြောတာမျိုး မဟုတ်ဘဲနဲ့ နှစ်ဦးနှစ်ဖက် ဆွေးနွေးရေးတွေ သေချာလုပ်သွားလို့ရှိရင် ဒီတိုက်ပွဲတွေဟာ ရပ်စဲသွားနိုင်တယ်ဆိုတဲ့ အယူအဆပေါ်မှာ ကျနော်တို့ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆွေးနွေးပွဲတွေ အောင်မြင်သွားတာနဲ့အမျှ ကျနော်တို့က ဒီတိုက်ပွဲကိစ္စတွေကိုလည်း ဖြေရှင်းသွားဖို့ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်။”
ဗိုလ်မှူးချုပ်တို့ ဒီရွှေလီဆွေးနွေးပွဲ မတိုင်ခင်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ရရှိရေးမူဝါဒတွေအပေါ်မှာ ဆွေးနွေးချင်တယ်ဆိုပြီး ပြောတော့ ဒီရွှေလီဆွေးနွေးပွဲမှာ အဲဒီအတိုင်း ဆွေးနွေးဖြစ်ရဲ့လား၊ ဘာတွေ ပါခဲ့ပါသလဲ။
“ကျနော်တို့ ကေအိုင်အို ကနေ လိုလားတဲ့အချက်တွေကိုတော့ ကျနော်တို့ စာတမ်းနဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်းကို ကျနော်တို့ ပေးအပ်ပြီး ဖြစ်ပါတယ်။ ဒီလိုဟာမျိုးကျတော့လည်း ချက်ချင်းကြီးအဖြေပေးနိုင်ဖို့ကတော့ ခက်မှာပါ။ အဲဒီတော့ ဆက်လက်ပြီး ဆွေးနွေးတဲ့အချိန်တွေမှာ ဒီကိစ္စဆက်ပြီးမှ ဆွေးနွေးသွားနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ဘက်က လိုလားချက်တွေကို ကျနော်တို့ တင်ပြလိုက်ပြီ ဖြစ်ပါတယ်။”
၂ ရက်တာ တောက်လျှောက်ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေးအရ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကို နည်းနည်းလေး အကျယ်ချဲ့ပြီးတော့ ပြောပြပါလား။
“ကျနော်တို့ ကေအိုင်အိုရဲ့ ခံယူချက်ကတော့ စစ်ပွဲတွေဟာ နိုင်ငံရေးကို ပြေပြေလည်လည် မဖြေရှင်းနိုင်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်လာရတဲ့ စစ်ပွဲတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ နိုင်ငံရေးနည်းအရဆွေးနွေးပြီးတော့ ဒီစစ်ပွဲတွေကို ရပ်စဲအောင်လုပ်မယ်။ ပြီးတော့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတာကတော့ တိုင်းရင်းသားတွေ အများကြီး စုပေါင်းပြီး နေထိုက်ကြတဲ့ ဒေသ နိုင်ငံကြီးတခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေကို ကျနော်တို့က ဖြည့်ဆည်းပေးဖို့လိုတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ အရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံမှာ ကတိကဝတ်ပြုခဲ့ကြသလို တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဆိုတဲ့ အချက်တွေအပေါ်မှာ အလေးအနက်ထားပြီး စဉ်းစားပေးပါလို့ ကျနော်တို့က တင်သွင်းတာ ဖြစ်ပါတယ်။ တင်သွင်းတဲ့စာကလည်း အခုတော့ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းရဲ့ လက်ထဲကို ကျနော်တို့ ထည့်ပြီး ဖြစ်ပါတယ်။ ဒါနိုင်ငံတော်အစိုးရကနေပြီးတော့ ဆက်လက်ပြီးမှ ဒီကိစ္စကို ဆွေးနွေးသွားမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကေအိုင်အို တဖွဲ့တည်းနဲ့ ငြိမ်းချမ်းနေရုံနဲ့တော့ ပြည်ထောင်စုကြီးတခုလုံးရဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အားလုံးပါဝင်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျနော်တို့ ဒီလို တင်ပြခြင်း ဖြစ်ပါတယ်။”
ဗိုလ်မှူးချုပ်တို့ ဆွေးနွေးတဲ့ထဲမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကနေပြီးတော့ ချမှတ်ထားတဲ့ နိုင်ငံရေးမှာ အစုအဖွဲ့နဲ့ပေါ့ UNFC အနေနဲ့ ဆွေးနွေးမယ်ဆိုတဲ့ သဘောထားကနေပြီးတော့ အဲဒါကိုရော တင်ပြလိုက်သေးလားဗျာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို။
“UNFC ရဲ့ သဘောထားကတော့ ကျနော်တို့ အရင်အစည်းအဝေးတွေမှာ တင်ပြထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီတခေါက်အစည်းအဝေးမှာ ကျနော်တို့ သီးသန့်အနေနဲ့ တင်ပြတာမရှိပါဘူး။”
ဘယ်တော့လောက် ထပ်မံဆွေးနွေးမယ်လို့ အကြမ်းဖျင်း သဘောတူညီတာမျိုး ရှိခဲ့ပါသလား။
“အချိန်ကို ကျနော်တို့ သတ်မှတ်နိုင်တာ မရှိသေးပါဘူး။ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့တွေလည်း ဗဟိုကော်မတီမှာ လာပြီးတော့ အခြေအနေတွေ ပြန်တင်ပြမယ်။ နောက် နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်တွေကလည်း နိုင်ငံတော်အစိုးရကို ပြန်တင်ပြရမှာ ဖြစ်တော့ ကျနော်တို့ နှစ်ဖက်ပြန်ပြီး ညှိနှိုင်းရမှာပါ။ အမြန်ဆုံးတော့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”
ဗိုလ်မှူးချုပ်တို့ နိုင်ငံရေးကိစ္စတွေဆွေးနွေးတာတော့ ဟုတ်ပြီ။ အဲဒီတော့ ကချင်ပြည်နယ်ထဲမှာ မနှစ် ဇွန်လကစပြီး ဒုက္ခသည်တွေ ၇ သောင်းနီးပါးလောက်ရဲ့ လက်ငင်းပြဿနာကြီးကို နှစ်ဖက်ကိုယ်စားလှယ်တွေက ဘယ်လို ဖြေရှင်းမှာလဲ။ သူတို့ ဒုက္ခတော်တော်ရောက်တယ် ကြားရပါတယ်။
“မှန်ပါတယ်။ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ကူညီပေးနေတာ ရှိပါတယ်။ ပြီးတော့ တခြားသော တသီးပုဂ္ဂလသော်လည်းကောင်း၊ အချို့သောအဖွဲ့အစည်းတွေကသော်လည်းကောင်း အကူအညီပေးတာလည်း ရှိပါတယ်။ မနေ့ကနဲ့ ဒီနေ့ အစည်းအဝေးမှာလည်း ဝန်ကြီးဦးအောင်ကြည်တို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ အနေနဲ့ကလည်း ဒုက္ခသည်တွေကို အကူအညီပေးဖို့ အစီအစဉ်ရှိတယ်။ လာပြီးအကူအညီပေးချင်တယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ကို နားဖောက်ထားတာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ဆက်လက်ပြီးတော့ ဒီကိစ္စတွေကိုလည်း ညှိနှိုင်းပြီး ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။”