သင်္ကြန်ကာလအတွင်း လူ ၅၀၀ ကျော်သေ၊ ၂၀၀၀ ခန့် ဒဏ်ရာရ
DVB
·
April 18, 2017
မြန်မာနိုင်ငံတဝန်းလုံးမှာ အခုနှစ် မဟာသင်္ကြန်ကာလအတွင်း စုစုပေါင်း ပြစ်မှု ၂၁၉၂ မှုဖြစ်ပွားပြီး သေဆုံးသူပေါင်း ၅၅၄ ဦးနဲ့ ဒဏ်ရာရရှိခဲ့သူ ၁၉၅၂ ဦး ရှိခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
၂ဝ၁၇ ခုနှစ် မဟာသင်္ကြန်ကာလ ၄ ရက်အတွင်း သင်္ကြန်နဲ့ဆက်နွယ်ပတ်သက် ဖြစ်ပွားတဲ့ ပြစ်မှုပေါင်း ၁၂ဝဝ၊ သေဆုံးသူ ၂၈၅ ဦး၊ ဒဏ်ရာရရှိခဲ့သူ ၁ဝ၇၃ ဦးရှိခဲ့သလို မဟာသင်္ကြန်နဲ့ မပတ်သက်တဲ့ ပြစ်မှုပေါင်းက ၉၉၂ မှု၊ သေဆုံးသူ ၂၆၉ ဦးနဲ့ ဒဏ်ရာရရှိသူ ၈၇၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
သင်္ကြန်တွင်း ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေထဲမှာ လူသတ်မှု၊ ယာဉ်တိုက်မှု၊ နာကျင်စေမှု၊ လက်နက်မှု၊ ယစ်မျိုးမှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှုတွေပါဝင်ပြီး ယာဉ်မတော်တဆတိုက်မှုကြောင့် လူတွေ အများဆုံး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာ အမှုပေါင်း ၂၂၃ မှု၊ သေဆုံးသူ ၄၄ ဦးနဲ့ အမှုအခင်းအများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၁၆၇ မှု၊ သေဆုံးသူ ၂၆ ဦး၊ မန္တလေးတိုင်းမှာ အမှု ၁၆ဝ၊ သေဆုံးသူ ၃၆ ဦး၊ ပဲခူးတိုင်းမှာ ၁၅၄ မှု၊ သေဆုံးသူ ၃၇ ဦး၊ ဧရာဝတီတိုင်းမှာ ၁၄၄ မှု၊ သေဆုံးသူ ၂၈ ဦး၊ မကွေးတိုင်းမှာ ၅၆ မှု၊ သေဆုံးသူ ၁၁ ဦး၊ တနင်္သာရီတိုင်းမှာ ၄၂ မှု၊ သေဆုံးသူ ၁၁ ဦးနဲ့ နေပြည်တော်မှာ ၃၉ မှု၊ သေဆုံးသူ ၁ဝ ဦးရှိခဲ့ပါတယ်။
မွန်ပြည်နယ်မှာ အမှု ၅ဝ၊ သေဆုံးသူ ၂ဝ၊ ရခိုင်ပြည်နယ်မှာ ၄၇ မှု၊ သေဆုံးသူ ၁၇ ဦး၊ ရှမ်းပြည်နယ်မှာ ၅၉ မှု၊ သေဆုံးသူ ၂၉ ဦး၊ ကချင်ပြည်နယ်မှာ ၃၄ မှု၊ သေဆုံးသူ ၉ ဦး၊ ကယားပြည်နယ်မှာ ၇ မှု၊ သေဆုံးသူ ၁ ဦး၊ ကရင်ပြည်နယ်မှာ ၁၅ မှု၊ သေဆုံးသူ ၅ ဦးနဲ့ ချင်းပြည်နယ်မှာတော့ အမှု ၃ မှုဖြစ်ပွားပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မဟာသင်္ကြန်ကာလတုန်းကတော့ သင်္ကြန်နဲ့ဆက်နွယ်တဲ့ ပြစ်မှုပေါင်း ၉၆၇ မှု၊ သေဆုံးသူ ၂၇၂ ဦး၊ ဒဏ်ရာရရှိသူ ၁ဝ၈၆ ဦး ရှိတဲ့အတွက် အခုနှစ်သင်္ကြန်ဟာ အရင်နှစ်ကထက် အမှုပေါင်း ၂၃၃ မှု ပိုမိုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၃ ဦး ပိုများခဲ့တယ်လို့ အစိုးရ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။