ဇနီးကို လာကြိုသည့် ဒုအရာခံဗိုလ် ဆိုင်ကယ်အရှိန်လွန်လဲကျ သေဆုံး
DVB
·
April 15, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဧပြီလ ၁၄ ရက် ညနေ ၃ နာရီမှာ သီးကုန်းတိုးဂိတ်က ကားဆင်းမယ့် ဇနီးကိုလာကြိုတဲ့ သာစည်မြို့ ခမရ (၄၂၀) တပ်ရင်းမှ ဒုအရာခံဗိုလ်ဝင်းသန်း မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာ ဆိုင်ကယ်အရှိန်လွန် လဲကျသေဆုံးသွားတယ်လို့ မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းက သိရပါတယ်။
မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းက “ဆိုင်ကယ်အရှိန်ပြင်းလွန်းတယ်။ ဦးခေါင်းနောက်စေ့နဲ့ ငယ်ထိပ်ပေါက်ပြဲ သွေးထွက်တယ်။ နားနှစ်ဖက်နဲ့ ပါးစပ်က သွေးထွက်တယ်။ ဘယ်ဘက်လက်မောင်းနဲ့ လက်ဖျံရိုးကျိုးသွားတယ်။ လဲကျတဲ့ နေရာမှာတင် သေဆုံးသွားတယ်။ ကြက်ခြေနီအသင်းကားနဲ့ တပ်မတော်ကုတင် ၅၀၀ ဆေးရုံပို့ပေးရတယ်”လို့ ပြောပါတယ်။
ဒုအရာခံဗိုလ်ဝင်းသန်းကို အမှုအမှတ်ယာဉ် (ပ) ၇/၂၀၁၇ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ အတွက် လူသေမှု ပုဒ်မ-၃၀၄(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းက သိရပါတယ်။
သတင်း - မောင်မောင်လင်း (ဝမ်းတွင်း)