Home
မြန်မာသတင်း
လတန်ခူး အလှထူး မြမြဖူး ခိုင်ရွှေဝါ
DVB
·
April 13, 2017
  "တန်ခူးလဖွဲ့ သံပေါက်" တာကူး တံကူး၊ တန် တန်ခူး ထူးထူး ၀ါဒပြား။ စိတြကြယ်၊ စန်းနှင့်ဆွယ် ပန်းဝယ် အင်ကြင်းများ။ ၀တ်မှုံရနံ့၊ မွှေးပျံ့ပျံ့ ကံ့ကော် ပွင့်ဖားဖား။ သာလှနှစ်ထွေ၊ ရက်မြတ်ပေ ကြွက်မြွေ ပြဿဒါး။ နေ့ညဥ့်နာရီ၊ သုံးဆယ်စီ အညီမပျက်သွား။ မွန်းတည့်ချိန်ခါ၊ တိုင်းလေပါ ဆာယာ သုံးဖ၀ါး။        (အမည်မသိ ရှေးစာဆို) ခရစ်သက္ကရာဇ်ကို အသုံးများလာနေကြသလို ခေတ်လူငယ်တွေနဲ့ မြို့ပြယဉ်ကျေးမှု ပိုမိုနီးကပ် ပေါင်းဖက် လာကြပြီးတဲ့နောက် မြန်မာသက္ကရာဇ်၊ နှစ်၊ လ တွေကို အသုံးနည်း လာနေတယ်။ တဖြည်းဖြည်းနဲ့ မြန်မာ့လတွေကို ၁၂ လ ပြည့်စုံအောင် မသိ၊ မရွတ်ဖတ် တတ်သူတွေ ရှိလာနေတယ်လို့ တွေ့နေ ကြားနေရတယ်။ ယုတ်စွအဆုံး အခုနှစ်ဟာ မြန်မာနှစ် ၁၃၇၉ ခုနှစ်ဆိုတာတောင် တချို့ လူငယ်တွေ မသိကြတော့ဘူး။ မြန်မာ့လတွေရဲ့ အဓိပ္ပာယ်တွေကိုလည်း မသိဘူး။ ဒါကြောင့် မြန်မာ့နှစ်သစ်မှာ မြန်မာ့လတွေအကြောင်း ပြောချင်ပါတယ်။ အခုလကတော့ တန်ခူးလပါ။ မြန်မာ့ ၁၂ လ အထဲမှာ အဦးဆုံးလဟာ တန်ခူးလ ဖြစ်ပါတယ်။ တန်ခူးလမှာ မနက် ၆ နာရီ နေထွက်ပါတယ်။ ညနေ ၆ နာရီမှာ နေ၀င်ပါတယ်။ နေ့တာ၊ ညတာ ညီညီမျှမျှ ရှိတဲ့လ ရယ်လို့ သိထားပါတယ်။ တန်ခူး(ဒဂူး)လဟာ နွေဥတုအလယ် နေပူရှိန် ပြင်းထန်လွန်းတဲ့အခါလည်း ဖြစ်ပါတယ်။ တန်ခူးလကို ပုဂံခေတ် ကျောက်စာတွေမှာ တန်ခူ ဆိုပြီး ရေးတယ်လို့ မှတ်သားရပါတယ်။ အင်းဝခေတ်ကျတော့ တန်းခူးဆိုပြီး ရေးသားတဲ့အကြောင်း စာဆိုကြီး မင်းဇေယျရန္တမိတ် ရေးသားခဲ့တဲ့ (ပုရစ်ဖြာစီ) ချီ ရတုအရ သိရတယ်။ ဒီ ရတုမှာ (တန်းခူးရာသီ တိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီ လှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာစီ အိုင်ခဲ့ပြီ။) ဆိုပြီး စပ်ဆိုထားခဲ့တာပါ။ အသံထွက်ဖတ်ရင်တော့ ဒဂူး ပေါ့။ တန်းခူးလို့ ရေးတာ ဘာကြောင့်ပါလဲ။ ဒီနေရာမှာ တန်းခူးထဲက တန်းဆိုတာ တာလ ပါဠိပျက် စကား ဖြစ်ပါတယ်။ အဓိပ္ပာယ်က ထန်း လို့ဆိုတယ်။ ခူး က ဆွတ်ခူး ဖြစ်ပါတယ်။ ဒါကြောင့် ထန်းသီး ခူးဆွတ်သောလလို့ ဆိုရပါမယ်။ ထန်းခူးလကနေ နှစ်တွေကြာလာတော့ တန်ခူးလ ဖြစ်လာပုံ ရပါတယ်။ ဝေါဟာရလိနတ္ထဒီပနီကျမ်းမှာတော့ တန်ကူးလ၌ တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ သင်္ကြန်အတာ ကူးပြောင်းသောကြောင့် တာကူးလ ဆိုပြီး သုတေသီ တချို့က ယူဆတာကို ဖော်ပြထားပါတယ်။ တန်ခူးလကို ဗေဒင်ဝေါဟာရနဲ့ မိဿရာသီလို့ ခေါ်ပါတယ်။ ဒီလမှာ စိတြနက္ခတ် စန်းနဲ့ ယှဉ်ပြီး မွန်းတည့်ချိန် ရောက်ပါတယ်။ ရာသီရုပ်ဟာ ဆိတ်ရုပ် ဖြစ်ပြီး ရာသီပန်းတွေကတော့ ပိတောက်ပန်း၊ ကံ့ကော်ပန်းတွေပါ။ မြန်မာနှစ်သစ်ကူးချိန်ဟာ ကဆုန်လနဲ့ တန်ခူးလတွေမှာ ကြုံရ တတ်ပေမယ့် တန်ခူးလမှာ နှစ်သစ်ကူးချိန် ကြုံရတာ ပိုများပါတယ်။ တန်ခူးလမှာ နှစ်သစ်ကူး သင်္ကြန်အခါလည်း ဖြစ်တာမို့ သင်္ကြန်ရေပက် ကစားပွဲတော်နဲ့ တခြား အလှူအတန်းတွေ ပျော်ပွဲရွှင်ပွဲတွေလည်း ဆင်နွှဲကြပါတယ်။ ဒါကတော့ စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း ရုပ်ပြ ဗဟုသုတဘဏ်စာအုပ်မှာ ဖော်ပြထားချက်တွေကို ဆင့်ပွားရေးလိုက်တာပါ။ တန်ခူးမှာ ငုပန်းတွေလည်း ၀ါဝါထိန်ထိန် ပွင့်ကြချိန်။ ကျနော်တို့ ကျောင်းတုန်းက တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ဆိုပြီး ရွတ်ဆို ကျက်မှတ်ခဲ့ကြပါတယ်။ ဆယ်နှစ်လရာသီဘွဲ့ ကဗျာမှာ ဖြစ်ပါတယ်။ တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ဆိုတာက တန်ခူးလမှာ ဖက်ဆွတ်မိုး၊ သင်္ကြန်မိုး ရွာတယ်လို့ ပြောတာပါ။ တန်ခူးလမှာ ဖက်ဆွတ်ရေ ခေါ်တဲ့ ရေက ဧရာဝတီမြစ်မှာ တိုးသလို၊ သင်္ကြန်မိုးလည်း ပုံမှန် ရွာတယ်ဆိုလိုတာပါ။ တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဆိုလည်း ရှိသေးရဲ့။ တချို့ကန်တွေ၊ အင်းအိုင်တွေ တန်ခူးလမှာ  ရေနည်းလာပြီး ကဆုန်လမှာတော့ ခန်းလေ့ ရှိပါတယ်။ တန်ခူးရေကုန်၊ ကဆုန် ရေစစ် လို့လည်း ဆိုကြတာပါ။ တန်ခူးရေကုန်၊ ကဆုန်ရေစစ် ကတော့ ချောင်းတွေ မြစ်တွေဟာ တန်ခူး၊ ကဆုန်မှာ ရေကုန်ခန်းလာတာကို ပြောတာပါ။ တန်ခူး၊ ကဆုန် ရေကန်တွေ ခန်းတတ်တယ်။ ငါးလွှတ်ပွဲတွေလည်း ကျင်းပကြပါတယ်။ ဒီလို ရေခန်းတဲ့တန်ခူး၊ ရေကုန် ရွက်ကြွေ ပူလွန်းလို့ သွေးတွေဆူတဲ့ တန်ခူးလမှာ သမိုင်း ရာဇ၀င် တလျှောက် ဖြစ်ရပ်တွေ များပြားခဲ့ပါတယ်။ ဖက်ဆစ် တော်လှန်ရေးနေ့ ကျရောက်တဲ့လ သမိုင်းမှာ ထင်ရှားတဲ့ ဒုတိယကမ္ဘာစစ်ကာလ မြန်မာတပြည်လုံး လူတန်းစားပေါင်းစုံ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ကြတဲ့ (ဖက်ဆစ်တော်လှန်ရေးနေ့ဟာ) ဗမာသက္ကရာဇ် ၁၃၀၇ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ခရစ်နှစ် ၁၉၄၅ ခုနှစ်၊ မတ် ၂၇ ရက်နေ့ အင်္ဂါနေ့ ဖြစ်ပါတယ်။ အခုအခါ ဒီနေ့ရက်ကို တပ်မတော်နေ့ အဖြစ်လည်း သတ်မှတ်ထားသလို ပြည်သူ့ ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ်လည်း ကျင်းပနေကြပါတယ်။ တန်ခူးလဖွဲ့ လေးဆစ် ဟောင်းရွက်ညှာ ခါလှစ်လို့၊‎ တာသစ်ကယ်တဲ့ နံ့ကြိုင်။‎ သုတ်ဖြူးလေဆော်က၊‎ ပန်းကံ့ကော် ဝတ်မှုန်ကျင်းတယ်၊‎ သင်းပျံ့လို့လှိုင်။‎ ကြယ်နှစ်ပြိုင်၊‎ သွယ်ဆိုင်ပဝင်း။‎ စိတြငယ်နှင့်‎ ငွေလသော်တာတို့၊‎ ‎ယုဂန်ချာ တောင်တော်စွန်းက၊‎ ထွန်းထိန်လို့လင်း။ ။‎ (ဖိုးသူတော်ဦးမင်း) စာရေးဆရာကြီး မောင်သော်က မွေးဖွားတဲ့လ စာရေးဆရာ မောင်သော်က (ဦးဘသော်) ကို မြန်မာသက္ကရာဇ် ၁၂၉၀ ခုနှစ်၊ တန်ခူးလဆုတ် ၂ ရက်၊ ခရစ်နှစ် ၁၉၂၈ ခုနှစ် ဧပြီလ ၆ ရက်၊ သောကြာနေ့မှာ အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့က ဖွားမြင်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က တပ်မတော်ထဲကို ၀င်ပါတယ်။ ၁၉၅၆ ခုနှစ် နိုဝင်ဘာ ဗိုလ်မှူးဘသော် စစ်ရေယာဉ်မှူးတာဝန်ယူနေတဲ့ တိုက်ရေယာဉ် ၁၀၃ ဟာ မြိတ်ကျွန်းစုတ၀ိုက် ငါးခိုးသင်္ဘော နှိမ်နင်းနေချိန် မုန်တိုင်းမိ မျောနေခဲ့တယ်။ သူနဲ့ ရဲဘော် ၁၀ ဦး အသက်ကယ်လှေနဲ့ ၁၃ ရက်ကြာ ပင်လယ်တွင်းမျောနေရာက ဂျပန် ကုန်တင်သင်္ဘောက တွေ့ရှိ ဆယ်ယူခဲ့တဲ့ ဖြစ်စဉ်ကို သူက စာအုပ် (တိုက်ရေယာဉ် ၁၀၃) ပြန်ရေးခဲ့တယ်။ ကျောင်းသားဘ၀ကစ စစ်ပြန်၊ ပဒေသာမဂ္ဂဇင်း၊ စစ်နှလုံးဂျာနယ်၊ မြ၀တီ၊ ငွေတာရီတို့မှာ ဆောင်းပါး၊ ၀တ္ထုတွေ ရေးသားခဲ့တယ်။ ရေကြောင်းစွန့်စားခန်း ၀တ္ထုတွေ ရေးရာမှာ ဗိုလ်ဘသော် (ရေတပ်) ကလောင်အမည် သုံးတယ်။ ၁၉၆၉ ခုနှစ် တပ်က အငြိမ်းစားယူပြီး ရှေ့သို့၊ FORWARD ဖော်ဝပ် အင်္ဂလိပ် – မြန်မာ စာစောင် ၂ ခုမှာ စာတည်းချုပ် လုပ်ပါတယ်။ နောက်ပိုင်း အလွတ်တန်း အင်္ဂလိပ်စာဆရာ၊ ရေကြောင်းသိပံ္ပ အတတ်ပညာ သင်္ဘောသားတွေကို စာသင်ပေးတဲ့ အလုပ်တွေနဲ့ စာပေကဗျာတွေကိုပဲ ရေးသားနေခဲ့ပါတယ်။ (မြန်မာသက္ကရာဇ်- ၁၃၅၃ ခုနှစ်၊ နယုန်လကွယ်နေ့၊ ၁၉၉၁ ခုနှစ် ဇွန် ၁၁ ရက်၊ အင်္ဂါနေ့မှာ ကွယ်လွန်ပြီး ကန်တော်ကလေး ဆွန်နီ မွတ်ဆလင်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ "တန်ခူးလ" နွေခါမှီငယ် ရာသီမိဿ၊ ဂိံမှာနမို့ စိတြကြယ်၊ တိမ်မိုးလယ်မှာ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ် ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ် နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူတာရေသွန်းချိန်မို့ လွမ်းလှတယ်လေး။ ။ (မဟာအတုလမင်းကြီး) သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တဲ့လ သတင်းစာဆရာကြီး ဦးဝင်းတင် ဟာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာကြီး ဖြစ်သလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဒေါ်စုနဲ့အတူ စတင်တည်ထောင်ခဲ့သူပါ။ ဆရာကြီးဟာ မြန်မာနှစ် ၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားကြီး ဖြစ်သလို၊ သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ် ဒီမိုကရေစီ ခံယူချက်တွေ ကလည်း ပြောင်မြောက်လှပါတယ်။ သူရဲ့ ထောင်တွင်းရေး  "ကျားရဲငါ " ခေါင်းစဉ်နဲ့ ကဗျာဟာ ထင်ရှားပါတယ်။ ဦးဝင်းတင်ကို အဖ ဦးပု၊ အမိ ဒေါ်အမာတို့က (ဗမာသက္ကရာဇ် ၁၂၉၁ ခု၊ တပေါင်းလဆန်း ၁၄ ရက်၊ ခရစ်သက္ကရာဇ် ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က  ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်က ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ပိတောက်ရွှေဝါ လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။ တကယ်တမ်းသာဖြင့် ဘယ်ပန်းသော် စံမတူဘု နန္ဒမူ ဖန်ဂူထိပ်မှာလ ပစ္စေကာ ချွေးတော်သိပ်ရတယ် အေးရိပ်ဆာယာ။ တစ်နှစ်တွင် သည်တစ်လပေပ တစ်လတွင် တစ်ရက်တည်း ခက်ခဲတဲ့ ရက်ဗုဒ္ဓာ ပွင့်ရှာကြ စုံမြိုင်တွင်း။ မြူမင်းလွင်ထန် ကြူသင်း တာချိန်ယံမတော့ ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နှင့် ခါသင်္ကြန် ဂိမာန်ရောက်ပြန်တော့ သိန်သရေ ထိန်ဝေလို့တောက်တဲ့ပြင် လမ်းတစ်လျှောက် သင်းပါဘိ ဆန်းသလောက် မလင်းနိုင်ဘု ပန်းပိတောက်မင်း။ ။ (စုံနံ့သာမြိုင်ဦးကြော့) စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်တဲ့နေ့ မြန်မာ့လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ စာပေအရေးတွေမှာ ထင်ရှားသူ စာရေးဆရာမ၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ဟာ ဗမာသက္ကရာဇ်  ၁၃၇၀ ပြည့်နှစ် တန်ခူးလဆန်း ၂ ရက်၊ ခရစ်နှစ် ၂၀၀၈ ဧပြီ ၇ ရက်၊ တနင်္လာနေ့ ကွယ်လွန်သွားခဲ့တယ်။ လူထုဒေါ်အမာကို အဖ ဦးထင်၊ အမိ ဒေါ်စုတို့က ခရစ်နှစ် ၁၉၁၅  နိုဝင်ဘာ ၂၉ မြန်မာသက္ကရာဇ် ၁၂၇၇ ခု တန်ဆောင်မုန်းလဆုတ် ၈ ရက် တနင်္လာနေ့ မန္တလေးမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ် ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တယ်။ အိုးဝေ၊ ကြီးပွားရေး မဂ္ဂဇင်းတို့နဲ့၊ ဘားမား ဂျာနယ်တွေမှာ စာတွေရေးခဲ့ပြီး ၁၉၃၈ မောရစ် ကောလစ်ရဲ့ စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ ဘာသာပြန် ထုတ်ဝေခဲ့လို့ ထင်ရှားလာခဲ့တယ်။ ၁၉၃၉ နိုဝင်ဘာ ၁၃ လူထုဦးလှနဲ့ လက်ထပ်ပြီး ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး)တို့ ၅ ဦး မွေးခဲ့တယ်။ သားအကြီးဆုံး ကိုစိုးဝင်း၊ တတိယသား ဖိုးသံချောင်းတို့ ဗမာ ပြည်ကွန်မြူနစ်ပါတီ (ဗကပ)နဲ့ သွား ပူးပေါင်းခဲ့ကြပါတယ်။ ၁၉၄၅ ဇူလိုင် လူထုဂျာနယ် စထုတ်တော့ လက်ထောက် အယ်ဒီတာ၊ ၁၉၄၆ ဧပြီ ၁၉ လူထု သတင်းစာထုတ်တော့ အယ်ဒီတာ အဖွဲ့ဝင် ဖြစ်လာတယ်။ ၁၉၆၄ မှာ ‘ပြည်သူ ချစ်သော အနုပညာရှင်များ’ စာအုပ်နဲ့ စာပေဗိမာန် မြန်မာ့ ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေ ပထမဆုရခဲ့တယ်။ လူထုဒေါ်အမာဟာ မကြာခဏ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူ ချစ်သော အနုပညာသည်များ၊ ဘဝချင်း မတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး၊ ရွှေရိုး ဦးဘကလေး၊ ရွှေမန်း တင်မောင်၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ၊ မန္တလေးသူ မန္တလေးသားများ၊ ထိုင်း ဝတ္ထဲတိုများ (၁၉၉၂)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး၊ သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ၊ ကျွန်မတို့ငယ်ငယ်က၊ အမေ့ရှေးစကား(၁၉၉၇) အပါအ၀င် လုံးချင်း စာအုပ် ၅၀ နီးပါးထုတ်ဝေခဲ့ပါတယ်။ အတာ သင်္ကြန်တော်တန်ခူးမို့ ရွှေဝါဖူး ပိတောက်တွေ ပွင့်ပေါ့ဝေေ၀ ။ အတာရေ ဖြာဝေလို့ စိုလန်း ။ ချစ်ဦးမာပါစေ - တဲ့ နှစ်ကူးသာပါစေ တဲ့ ပဏာချွေ ရွှန်းဝေဆင့်တယ် ထွန်းတင့် နှစ်ဆန်း ။ ။ (ငွေတာရီ) ကဲပါလေ။ တန်ခူးလ အကြောင်း အဆုံးသတ်ကြပါစို့။ ။ ပန်း ကံ့ကော်တွေ၊ ပန်း ပိတောက်တွေ၊ ငုတွေ ၀ါစွေ ပွင့်ဝေကြတဲ့တန်ခူးလ၊ သင်္ကြန်တာကူး တန်ခူးလ။ ဖက်ဆစ်တော်လှန်ရေးနေ့ ကျရောက်တဲ့ တန်ခူးလ။ စာရေးဆရာကြီး မောင်သော်က မွေးဖွားခဲ့တဲ့ တန်ခူးလ။ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာ တို့ ကွယ်လွန်ခဲ့ကြရတဲ့ တန်ခူးလ။ အမှတ်တရနဲ့ အထင်ကရတွေ စုံစီစွာ ရှိနေတဲ့ တန်ခူးလ လို့ ပြောကြစို့ ခင်ဗျာ။ ။ မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024