DVB Logo
Home
ဆောင်းပါး
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​တိုး​တက်မှု – အပိုင်း​ (၈)
DVB
·
January 18, 2012
Donate to DVB

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ လူထုလူ့​အဖွဲ့​အစည်း​များ​ရဲ့​ အခန်း​ကဏ္ဍ

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ရဲ့​ ကြီး​မာတဲ့​ ပမာဏအတိုင်း​အတာ၊​ လာ​ရောက်ရင်း​နှီး​မြှုပ်နှံကြမယ့်​ လုပ်ငန်း​အမျိုး​အစား​များ​ကြောင့်​ ဖြစ်​ပေါ်နိုင်တဲ့​ မြန်မာနိုင်ငံနဲ့​ ပြည်သူအ​ပေါ် သက်​ရောက်နိုင်တဲ့​ ​ကောင်း​ကျိုး​ဆိုး​ပြစ်​တွေကို သုံး​သပ်တင်ပြခဲ့​ပြီး​ ဖြစ်ပါတယ်။ ဤအခန်း​ဆက်​ဆောင်း​ပါး​ နိဂုံး​အ​နေဖြင့်​ ဒီစီမံကိန်း​ကြောင့်​ ​ကောင်း​ကျိုး​တွေ ပိုများ​ပြီး​ ဆိုး​ပြစ်​တွေ နည်း​ပါး​အောင်​ဆောင်ရွက်ဖို့​ အစိုး​ရ တရပ်တည်း​နဲ့​ မလုံ​လောက်ဘဲ ​ဒေသခံလူထု လူ့​အဖွဲ့​အစည်း​တွေရဲ့​ အခန်း​ကဏ္ဍဟာ အလွန်အ​ရေး​ကြီး​ကြောင်း​ ​ထောက်ပြလိုပါတယ်။

မြစ်ဆုံဆည် စီမံကိန်း​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​ သက်​ရောက်မှုကို မြန်မာပြည်သူ​တွေ ကိုယ်စား​ လူ့​အဖွဲ့​အစည်း​တွေက ကန့်​ကွက်လှုပ်ရှား​မှု​တွေကို ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ​အောင်​အောင်မြင်မြင် လုပ်​ဆောင်နိုင်ခဲ့​တာ နမူနာ​ကောင်း​တရပ် ဖြစ်လာပါတယ်။

အစိုး​ရသစ်ဘက်ကလည်း​ ဘယ်တုန်း​ကမှ မလုပ်ဖူး​တဲ့​ လူထုရဲ့​ဆန္ဒကို နား​ထောင်ပြီး​ စီမံကိန်း​ကို ရပ်ဆိုင်း​ခဲ့​တယ်။ ဒီလိုရလဒ် ​ပေါ်ထွက်လာတာဟာ အစိုး​ရနဲ့​ လူထု လူ့​အဖွဲ့​အစည်း​တွေအကြား​ လွန်ခဲ့​တဲ့​ နှစ် ၂၀ အတွင်း​ ရှား​ပါး​တဲ့​ နား​လည်မှုတခု ရရှိလိုက်တာ ဖြစ်တဲ့​အတွက် အား​တတ်စရာ ဖြစ်ခဲ့​ရတယ်။

ဒါ​ပေမယ့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ဟာ မြစ်ဆုံဆည်စီမံကိန်း​နဲ့​ သ​ဘောသဘာဝခြင်း​ မတူညီတဲ့​အ​လျောက် စီမံကိန်း​ကြောင့်​ ဖြစ်​ပေါ်လာမယ့်​ သက်​ရောက်မှု​တွေဟာလည်း​ ​ကောင်း​ကျိုး​နဲ့​ ဆိုး​ပြစ် ​ရော​ထွေး​နေရာ အစိုး​ရနဲ့​ ရင်း​နှီး​မြှုပ်နှံသူ​တွေအကြား​ ဆက်ဆံ​ရေး​၊​ အစိုး​ရနဲ့​ လူထု လူ့​အဖွဲ့​အစည်း​တွေအကြား​ ဆက်ဆံ​ရေး​ ကဏ္ဍအသီး​သီး​မှာ စိန်​ခေါ်မှု​တွေ ရှိလာနိုင်ပါတယ်။

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ကြောင့်​ ​ခေတ်မီစက်မှု မြို့​ပြတခုရဲ့​ အ​ခြေခံအ​ဆောက်အအုံ​တွေ ဖြစ်ထွန်း​လာမှု၊​ အလုပ်အကိုင်အသစ်​တွေ ဖန်တီး​ပေး​နိုင်မှု၊​ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်မှု စတဲ့​ အ​ကောင်း​မြင် ​မျှော်လင့်​ချက်​တွေကို အစိုး​ရနဲ့​ စီး​ပွား​ရေး​အသိုင်း​အဝန်း​က တဖက်က​နေ အ​လေး​ထား​ပြောဆို​နေကြပါတယ်။

တဖက်မှာလည်း​ စီမံကိန်း​ဒေသအတွင်း​ ရာစုနှစ်နဲ့​ချီ တည်ရှိ​နေပြီး​ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ ထုတ်​ဖော် မှတ်တမ်း​ မတင်နိုင်​သေး​တဲ့​ ​ရှေး​မြို့​ဟောင်း​တွေနဲ့​ ယဉ်​ကျေး​မှုအ​မွေအနှစ် ​နေရာ​တွေ၊​ ထား​ဝယ်​ဒေသခံ​တွေရဲ့​ ရိုး​ရာယဉ်​ကျေး​မှု ထုံး​ဓ​လေ့​တွေနဲ့​ ဗုဒ္ဓဘာသာယဉ်​ကျေး​မှု အ​ဆောက်အအုံ​တွေနဲ့​ ဘုန်း​တော်ကြီး​ကျောင်း​ အ​ခြေခံ လူမှု စုစည်း​မှု​တွေ၊​ လယ်ယာ စိုက်ပျိုး​ရေး​ အ​ခြေခံ ​ကျေး​လက်​ဒေသ စီး​ပွား​ရေး​ အ​ဆောက်အအုံနဲ့​ ရိုး​ရာစီး​ပွား​ရေး​လုပ်ငန်း​တွေ ပျက်စီး​ကုန်မှာကို စိုး​ရိမ်ပြီး​ လူ့​အဖွဲ့​အစည်း​က စတင် လှုပ်ရှား​ ​ဆောင်ရွက်မှု​တွေ ရှိ​နေပါပြီ။

ပြီး​ခဲ့​တဲ့​ ဒီဇင်ဘာလလယ်မှာ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​ (Dawei Development Association – DDA) ဆိုပြီး​ ​ဒေသခံ​တွေ ဦး​ဆောင်ဖွဲ့​စည်း​တဲ့​ အဖွဲ့​တခုဟာ ရန်ကုန်မြို့​မှာ သတင်း​စာရှင်း​လင်း​ပွဲတခု လုပ်ခဲ့​တာ သတိထား​မိလိုက်ပါတယ်။ အဲ့​ဒီအဖွဲ့​ဟာ ထား​ဝယ်​ဒေသမှာ ​ရေနက်ဆိပ်ကိမ်း​နဲ့​ စက်မှုဇုန်တည်​ဆောက်မှာကို မကန့်​ကွက်​ပေမယ့်​ ​ဒေသခံ ပြည်သူလူထုအကျိုး​ ထိခိုက်​စေမယ့်​အရာ​တွေ ဖြစ်​ပေါ်လာမှာကို​တော့​ စိုး​ရိမ်​ကြောင်း​ ​ဖော်ပြခဲ့​ကြပြီး​ အစိုး​ရနဲ့​ရော ထား​ဝယ်မှာ လာ​ရောက် ရင်း​နှီး​မြှုပ်နှံကြမယ့်​ လုပ်ငန်း​ရှင်​တွေနဲ့​ပါ ပူး​ပေါင်း​ပြီး​ နှစ်ဖက် အကျိုး​ဖြစ်ထွန်း​စေမယ့်​ ​ဒေသခံ​တွေ ထိခိုက်နစ်နာမှု မရှိတဲ့​ နည်း​လမ်း​တွေ ရှာဖို့​ ပူး​ပေါင်း​ဆောင်ရွက်လို​ကြောင်း​ ကမ်း​လှမ်း​ခဲ့​ပါတယ်။

ဒါဟာ ထား​ဝယ် စက်မှုဇုန်စီမံကိန်း​နဲ့​ ပတ်သက်ပြီး​ ပထမဆုံး​ပေါ်ထွက်လာတဲ့​ လူ့​အဖွဲ့​အစည်း​တရပ်ဖြစ်ပြီး​ အစိုး​ရဘက်က အဖွဲ့​ရဲ့​ လှုပ်ရှား​မှုကို တား​မြစ်မှု မပြုခဲ့​သလို ၎င်းတို့​ဆန္ဒအ​ပေါ် တုံ့​ပြန်မှုလည်း​ မပြု​သေး​ပါဘူး​။ စစ်အုပ်ချုပ်​ရေး​ လက်ထက်နဲ့​ နှိုင်း​ယှဉ်ရင် ဒီလို အဖွဲ့​ ဖွဲ့​စည်း​ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ လုပ်နိုင်ခဲ့​တာ လက်ရှိ အစိုး​ရလက်ထက်မှာ တိုး​တတ်မှု တခုလို့​ မြင်ပါတယ်။

ဒီလိုအ​ခြေအ​နေမှာ အကျိုး​စီး​ပွား​ဆိုင်ရာ အုပ်စု​တွေ (Interest Groups) အကြား​ တန်ဖိုး​များ​နဲ့​ အမြင်သ​ဘောထား​များ​ ကွာခြား​နေမှုကို ဘယ်လိုနည်း​လမ်း​တွေနဲ့​ ညှိနှိုင်း​ရယူနိုင်မလဲဆိုတာ အ​ရေး​ကြီး​ပါတယ်။ တန်ဖိုး​ထား​မှုနဲ့​ အမြင်သ​ဘောထား​ ကွာခြား​မှုကို ရှင်း​လင်း​ပြတ်သား​စွာ မြင်နိုင်ပါမှ ​နောက်ဆက်တွဲ ညှိနှိုင်း​အ​ဖြေရှာရမယ့်​ နည်း​လမ်း​တွေကို စဉ်း​စား​နိုင်မှာ ဖြစ်ပါတယ်။

အစိုး​ရနဲ့​ ရင်း​နှီး​မြှုပ်နှံသူ​တွေဘက်က ရှုမြင်တာက ထား​ဝယ်​ဒေသဟာ ရုပ်ပိုင်း​ဆိုင်ရာအရ ​ခေတ်မီ​ရေး​ လမ်း​ကြောင်း​ (Modernization) နဲ့​ အလွန် အလှမ်း​ကွာ​ဝေး​နေတဲ့​ ​ဒေသတခုဖြစ်​နေ​ပေမယ့်​ တနင်္သာရီကမ်း​လွန်က သဘာဝဓာတ်​ငွေ့​သိုက်ကြီး​နဲ့​ ကမ်း​ရိုး​တန်း​တ​လျှောက် တည်ရှိတဲ့​ သဘာဝရင်း​မြစ်​တွေကို အရင်း​တည်ပြီး​ မြို့​ပြအ​ခြေခံ ​ခေတ်မီ အ​ဆောက်အအုံ​တွေနဲ့​ အတူ စက်မှုဇုန်တခုကို အဲ့​ဒီ​ဒေသမှာ တည်​ဆောက်​ပေး​တာဟာ ​ဒေသဖွံ့​ဖြိုး​ရေး​အတွက်​ရော၊​ နိုင်ငံအဆင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု အတွက်ပါ ကြီး​မား​တဲ့​ ဆုလာဘ်ကြီး​တခု ဖြစ်တယ်လို့​ မြင်ပါတယ်။

ဒီလိုရှုမြင်တာကလည်း​ အ​ကြောင်း​မဲ့​မဟုတ်ပါဘူး​။ ၁၉၈၀ နဲ့​ ၁၉၉၀ ​ကျော်ကာလ​တွေအတွင်း​ ​ဒေသတွင်း​ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်မှု​တွေကို ကြည့်​ရင် ဥပမာ တရုတ် ထိုင်း​နဲ့​ မ​လေး​ရှား​တို့​လည်း​ နိုင်ငံခြား​တိုက်ရိုက် ရင်း​နှီး​မြှုပ်နှံမှု​တွေ တိုင်း​ပြည်ထဲ အလုံး​အရင်း​နဲ့​ စီး​ဝင်လာပြီး​ အချိန်တိုအတွင်း​ စီး​ပွား​ရေး​ တိုး​တတ်လာ​အောင် စက်မှုဇုန်​တွေ ထူ​ထောင်၊​ စီး​ပွား​ရေး​အကျိုး​အမြတ် မက်လုံး​တွေ​ပေး​ပြီး​ ဒီလိုပဲ စတင် လုပ်​ဆောင်ခဲ့​ကြတယ်။

အထူး​စီး​ပွား​ရေး​ဇုန် မိုဒယ် (Model) ​ခေတ်စား​လာခဲ့​တာ နှစ်​ပေါင်း​ ၃၀ ​ကျော်လာချိန်မှာ စီး​ပွား​ရေး​အရ ကြီး​မာတဲ့​ တိုး​တက်​ပြောင်း​လဲမှု​တွေ ​တွေ့​မြင်ခဲ့​ရ​ပေမယ့်​ တဖက်မှာ ဆိုး​ပြစ်​တွေဖြစ်တဲ့​ လူမှု​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ သဘာဝဝန်း​ကျင် ပြဿနာ​တွေက ကြီး​မား​ပြီး​ ခံစား​ရသူ​တွေက ရင်း​နှီး​မြှုပ်နှံသူ​တွေမဟုတ်ဘဲ ​ဒေသခံပြည်သူ​တွေဖြစ်​နေ​တော့​ အစိုး​ရ​တွေအ​နေနဲ့​ ရင်း​နှီး​မြှုပ်နှံသူ​တွေဘက် လိုက်မလား​၊​ ပြည်သူ​တွေဘက် လိုက်မလား​ဆိုတာ တကယ့်​ အကျပ်အတည်း​ ဖြစ်​စေပါတယ်။

ထိုင်း​နိုင်ငံရဲ့​ ဥပမာကို ပြန်ကြည့်​ရင် အစိုး​ရအ​နေနဲ့​ ရင်း​နှီး​မြှုပ်နှံသူ​တွေဘက်က ဘက်လိုက် ရပ်တည်ခဲ့​တာ များ​ပါတယ်။ ထိုင်း​ဘတ်​ငွေ ဘီလီယံနဲ့​ချီ ရင်း​နှီး​မြှုပ်နှံပြီး​ စက်ရုံကြီး​တွေ တည်​ဆောက်ပြီး​ခါမှ လူထု ကျန်း​မာ​ရေး​ကြောင့်​ သို့​မဟုတ် သဘာဝဝန်း​ကျင် ပျက်စီး​မှု​ကြောင့်​ ဖျက်သိမ်း​ရမယ်ဆိုရင် တိုင်း​ပြည်စီး​ပွား​ရေး​ကို ထိခိုက်သလို ပြည်ပရင်း​နှီး​မြှုပ်နှံသူ​တွေ ယုံကြည်မှု ပျက်ပြား​ပြီး​ ထပ်မံလာ​ရောက် ရင်း​နှီး​မြှုပ်နှံမှု မလုပ်မှာကို ထိုင်း​အစိုး​ရက အလွန်စိုး​ရိမ်ပါတယ်။

ဒီလို အစိုး​ရက စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေဘက်က ရပ်တည်​တော့​ ​ဒေသခံပြည်သူ​တွေက လူမှုပြဿနာ​တွေ ပိုပြီး​ ခံစား​ကြရတယ်။ အဲ့​ဒီမှာတင် ​ရေနံနဲ့​ ဓာတု​ဗေဒအ​ခြေခံ စက်မှုလုပ်ငန်း​တွေနဲ့​ ​ကျောက်မီး​သွေး​လို ညစ်ညမ်း​လောင်စာ​တွေ​ကြောင့်​ ဖြစ်​ပေါ်​နေတဲ့​ ကျန်း​မာ​ရေး​နဲ့​ ပတ်ဝန်း​ကျင် ပြဿနာ​တွေကို သိပ္ပံနည်း​ကျ စမ်း​သပ်​ဖော်ထုတ်ပြီး​ ​ဒေသခံလူထုကို အသိ​ပေး​ လုပ်​ဆောင်တဲ့​ လူထု အ​ခြေပြု လူမှုအဖွဲ့​အစည်း​တွေ အား​ကောင်း​စွာ ​ပေါ်​ပေါက်လာပါတယ်။

ထိုလူမှုအဖွဲ့​အစည်း​တွေက စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေရဲ့​ အမြတ်ရရှိ​ရေး​သက်သက် ကိုယ်ကျိုး​ရှာ စီး​ပွား​ရေး​ကိုသာ ​စောင်း​ပေး​လုပ်​ဆောင်ပြီး​ ​ကော်ပို​ရေး​ရှင်း​ကြီး​များ​ရဲ့​ လူမှုကျင့်​ဝတ် (Corporate Social Responsibility – CSR) ပျက်ကွက်မှု​တွေနဲ့​ အစိုး​ရက ဥပ​ဒေစိုး​မိုး​ရေး​ကို တိတိကျကျ အ​ကောင်အထည်​ဖော်ဖို့​ တာဝန်ပျက်ကွက်မှု​တွေကို ​ထောက်ပြ ​ဝေဖန်လာကြရာက အစိုး​ရနဲ့​ လူထု လူ့​အဖွဲ့​အစည်း​တွေအကြား​၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေနဲ့​ လူအဖွဲ့​အစည်း​တွေအကြား​ နား​လည်မှု လွဲမှား​မှု၊​ မယုံကြည်မှုနဲ့​ မုန်း​တီး​ လက်စား​ချေမှု​တွေ အထိ ဖြစ်​ပေါ်လာပါတယ်။

လူထုအ​ရေး​လှုပ်ရှား​သူများ​ (Social Activistists) ကို ​ကော်ပို​ရေး​ရှင်း​ကြီး​တွေက သူတို့​ ထမင်း​အိုး​ ခွဲသူ​တွေအဖြစ် မြင်လာကြတယ်။ လူထုဘက်က ရပ်တည် လှုပ်ရှား​သူ​တွေဟာ လုပ်ကြံ သတ်ဖြတ်ခံရတဲ့​အထိ အ​ခြေအ​နေဆိုး​တွေနဲ့​ ရင်ဆိုင်ကြရတယ်။

အ​မေရိကန်အ​ခြေစိုက် လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​လေ့​လာ​ရေး​အဖွဲ့​ (Human Right Watch)ရဲ့​ စာရင်း​ ဇယား​အရ ၂၀၀၁ မှ ၂၀၁၁ အတွင်း​ ထိုင်း​နိုင်ငံမှာ သဘာဝဝန်း​ကျင် ထိန်း​သိမ်း​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ အ​ယောက် ၂၀ ​ကျော် လုပ်ကြံသတ်ဖြတ်ခံရပြီး​ မှုခင်း​အများ​စုမှာ တရား​ခံကို မ​ဖော်ထုတ်နိုင်ခဲ့​ပါဘူး​။

နောက်ဆုံး​ဖြစ်သွား​တဲ့​ ဖြစ်ရပ်က​တော့​ ဘန်​ကောက်မြို့​တော်နဲ့​ ကပ်လျက် စက်မှုလုပ်ငန်း​ အများ​စုတည်ရှိရာ Samut Sakhon ပြည်နယ်က လူသိများ​တဲ့​ ပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​လှုပ်ရှား​သူ Thongnak Sawekchinda ကို အမည်မသိ ​သေနတ်သမား​က ၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၈ ရက်​နေ့​မှာ ၎င်း​နေအိမ်အ​ရှေ့​မှာ အချက်​ပေါင်း​များ​စွာ ပစ်သတ်ခဲ့​ပါတယ်။

Thongnak Sawekchinda ဟာ Samut Sakhon ​ဒေသမှာ ​ကျောက်မီး​သွေး​ သုံး​စွဲမှုနဲ့​ ဖြတ်သန်း​သယ်​ဆောင်မှု​တွေ​ကြောင့်​ လူထုညစ်ညမ်း​မှု ဖြစ်​ပေါ်​နေတာကို ဆန့်​ကျင်လှုပ်ရှား​မှုမှာ ​ခေါင်း​ဆောင်တဦး​ဖြစ်ပြီး​ လူသိများ​သူတဦး​ ဖြစ်ပါတယ်။ ထိုအမှုကို ထိုင်း​သတင်း​စာများ​က အကြီး​အကျယ် ​ရေး​သား​ဖော်ပြခဲ့​ကြတယ်။

မြန်မာနိုင်ငံဟာလည်း​ လက်ရှိ စီး​ပွား​ရေး​ အ​ခြေအ​နေက​နေ တိုး​တက်​အောင် ​ဒေသတွင်း​ နိုင်ငံ​တွေရဲ့​ နည်း​လမ်း​အတိုင်း​ လိုက်ဖို့​ ပြင်ဆင်လာတာ အစိုး​ရ တရပ်အတွက် မှန်ကန်တဲ့​ ​ရွေး​ချယ်မှု ဖြစ်နိုင်​ပေမယ့်​ အိမ်နီး​ချင်း​နိုင်ငံ​တွေက လွန်ခဲ့​တဲ့​ နှစ် ၃၀ အတွင်း​ ကြုံ​တွေခဲ့​တဲ့​ ဖြစ်ရပ်​တွေကို နမူနာယူပြီး​ ထား​ဝယ်​ဒေသမှာ ရင်း​နှီး​မြှုပ်နှံလာမယ့်​ စက်မှုလုပ်ငန်း​ အမျိုး​အစား​တွေထဲက ပြည်သူလူထုအတွက် အမှန်တကယ် အကျိုး​ဖြစ်ထွန်း​မယ့်​ လုပ်ငန်း​မျိုး​ကိုသာ စနစ်တကျ ​ရွေး​ချယ် လက်ခံသင့်​ပါတယ်။

မြန်မာစကား​ပုံမှာ ပြုပြီး​ ပြင်ရခက်တဲ့​ အရာ​တွေထဲ ဘုရား​တည် ​ကျောင်း​ဆောက်တာပါ ပါတယ်။ ထိုစကား​ပုံကို နမူနာယူပြီး​ စက်မှုဇုန်တခု တည်​ဆောက်ပြီး​ရင် ပြင်ဆင်ဖို့​ ခက်ခဲတာကို ထိုင်း​နိုင်ငံက မယ့်​တဖွတ် (Map Ta Phut) စက်မှုဇုန်ကို နမူနာကြည့်​ပြီး​ ထား​ဝယ်​ဒေသကို ဓာတု​ဗေဒအဆိပ်​ငွေ့​တွေ လွှမ်း​ခြုံ​နေတဲ့​ဒေသ တခုအဖြစ် ​ရောက်ရှိ မသွား​အောင် မတည်​ဆောက်ခင်ကတည်း​က နည်း​လမ်း​အား​လုံး​ကို အ​မြော်အမြင်ရှိရှိ တွက်ချက်စဉ်း​စား​ ​ဆောင်ရွက်သင့်​ပါတယ်။

ရှေ့​အနာဂတ်မှာ မြန်မာနိုင်ငံဟာ ​ဒေသတွင်း​ရော ကမ္ဘာ့​စီး​ပွား​ရေး​ ​ဈေး​ကွက်​တွေနဲ့​ပါ ပိုပြီး​ ချိတ်ဆက် ​ဆောင်ရွက်လာတာနဲ့​အမျှ အင်အား​ကောင်း​တဲ့​ လူ့​အဖွဲ့​အစည်း​ (Civil Society) တရပ် လိုအပ်ပါတယ်။ လူထု လူ့​အဖွဲ့​အစည်း​တွေဟာ ပြည်သူ​တွေရဲ့​ စိုး​ရိမ်မှု​တွေ အစိုး​ရလက်လှမ်း​မမီတဲ့​ ​အောက်​ခြေ လူထုအတွင်း​ ခံစား​ကြရတဲ့​ ဖြစ်ရပ်​တွေကို ​လေ့​လာ​ဖော်ထုတ် ​ပေး​နိုင်တဲ့​အတွက် အစိုး​ရရဲ့​ လုပ်ငန်း​တွေကို အ​ထောက်အကူ ပြုခြင်း​သာဖြစ်ပြီး​ အဖွဲ့​အစည်း​တွေရဲ့​ အခန်း​ကဏ္ဍကို မြှင့်​တင်​ပေး​တာနဲ့​ ၎င်းတို့​ရဲ့​စကား​ကို အစိုး​ရ တရပ်အ​နေနဲ့​ လက်ခံနား​ထောင်ပြီး​ သင့်​လျော်တဲ့​ ထိန်း​ကျောင်း​မှု​တွေ လုပ်မယ်ဆိုရင် စီး​ပွား​ရေး​တံခါး​ဖွင့်​ပြီး​ ဖြစ်​ပေါ်လာနိုင်တဲ့​ အကျိုး​အမြတ် သက်သက်ကို ကြည့်​ရာမ​ရောက်​တော့​ဘဲ ​ရေရှည်ဖွံ့​ဖြိုး​တိုး​တက်မှု (Sustainable Development) ကို အမှန်တကယ် ဦး​တည်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013