Home မြန်မာသတင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
ရွှေအောင်
·
January 17, 2012
nld အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရုံးခန်းတည်ရှိတဲ့ မြန်မာ့ဂုဏ်ရည်လမ်း၊ အမှတ်-၁၀၁ မှာ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားမှာ ပါတီအနေနဲ့ ပါတီစည်းရုံးရေး လုပ်ငန်းတွေကို တရားဝင်စတင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အခမ်းအနားကို ပါတီနာယကတွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်တွေနဲ့ ပြည်သူ အင်အားသုံးထောင်ကျော် တက်ရောက်ခဲ့တယ်လို့ ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
ရုံးခန်းဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြတဲ့ မြို့နယ်ပြည်သူလူထုကို ပြည်သူတွေရဲ့ သိပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
“အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လစ်လပ်နေတဲ့အတွက်ကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ပြီးတော့ အရွေးခံမှာ ဖြစ်ပါတယ်။ ဒီတော့ ကျမတို့ ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးသလဲဆိုတော့ ကျမ နည်းနည်း ရှင်းပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်ကပြည်သူတွေ သိပိုင်ခွင့်ရှိပါတယ်။ ဒီမြို့နယ်မှာ ဒီကိုယ်စားလှယ်တွေကို ဘာဖြစ်လို့ အရွေးခံဖို့ ရွေးသလဲ ဆိုတာ၊ ဘယ်လိုမူတွေနဲ့ ရွေးသလဲ ဆိုတာ ပြည်သူတွေမှာ သိပိုင်ခွင့်ရှိပါတယ်။ အဲ့ဒါ ကျမ သတိပေးပါရစေ။ ဒီမိုကရေစီစနစ်မှာ ဆိုရင် ပြည်သူတွေက အားလုံးကို သိပိုင်ခွင့်ရှိတယ်နော်။ နိုင်ငံနဲ့ ပတ်သက်လို့။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ ပြည်သူတွေကို ဘယ်လောက် အလုပ် လုပ်ပေးနိုင်သလဲဆိုတာ ကြည့်ပြီး ရွေးတယ်လို့လည်း ပြောသွားပါတယ်။
အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပညာတတ်ပြီး အလုပ် လုပ်နိုင်စွမ်းရှိတဲ့ သူတွေဖြစ်ဖို့လည်း အလေးထားရွေးချယ်တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်ပါတီ ရုံးခန်းဖွင့်ပွဲ ကျင်းပခဲ့တာ နှစ်ကြိမ်ရှိပြီ ဖြစ်ပြီး ဗဟန်းနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေမှာ ဖွင့်လှစ်ခဲ့တာပါ။
ဆက်စပ်သတင်းများ