Home
မြန်မာသတင်း
တရားမဝင်လက်နက်ကိုင်ဆောင်သူများကို အရေးယူ ပြစ်ဒဏ်ချမှတ်နိုင်သည့်ဥပဒေ ပြင်ဆင်မည်
DVB
·
April 11, 2017
တရားမဝင် လက်နှက်ကိုင်ဆောင်သူတွေကို အရေးယူ အပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေဟာ ခေတ်ကာလနဲ့ ကိုက်ညီမှု မရှိတော့တဲ့အတွက် ပြင်ဆင်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပဒေအရ တရားမဝင် လက်နှက် ကိုင်ဆောင်တဲ့သူတွေကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်သာ အပြစ်ဒဏ် ချမှတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအပြစ်ဒဏ်ချမှတ်နိုင်မှုဟာ လက်ရှိခေတ်ကာလနဲ့ ကိုက်ညီမှု မရှိတော့တဲ့အတွက် တရားမဝင်လက်နက် ကိုင်ဆောင်သူတွေကို အရေးယူ အပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေကို ခေတ်ကာလနဲ့အညီ ပြင်ဆင်နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်နဲ့ တိုင်ပင် ရေးဆွဲနေတယ်လို့ ဧပြီလ ၁၀ ရက်နေ့ နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစိုးရသစ်လက်ထက် ပြည်ထဲရေးဝန်ကြီးဌာန ၁ နှစ်တာဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ “ကျနော်တို့ နိုင်ငံရဲ့ လက်နက်ဥပဒေကလည်း အမျိုးမျိုး ဖြစ်နေတာပေါ့၊ ဥပမာ တောင်တန်းတွေကို မသက်ရောက်တာတွေ ရှိတယ်။ အဲဒါကြောင့်မို့ လက်နှက်ဥပဒေနဲ့ ပတ်သက်ရင် ကျနော်တို့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ လက်နက်ဥပဒေ ပေါ်ပေါက်ဖို့ကို ကျနော်တို့နဲ့ လွှတ်တော်နဲ့ ပေါင်းဆက်ပြီးတော့ ပြင်ဖို့အထဲမှာ လက်နက်ဥပဒေ ပါပါတယ်။ တစ် အချက်ပေါ့နော်။ နှစ် အချက်အနေနဲ့က ကျနော်တို့က ဒါနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ရှာဖွေဖမ်းဆီး အရေးယူ ဆောင်ရွက်သွားပါမယ်လို့ ပြောချင်ပါတယ်” ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အတွင်းမှာ တရားမဝင်လက်နက်တွေ အများအပြား ရောက်ရှိနေနိုင်တဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က ထောက်ပြပြောဆိုထားပါတယ်။ တရားမဝင်လက်နက်ကိုင်ဆောင်ပြီး အာဏာရပါတီရဲ့ ဥပဒေအကြံပေးအဖွဲ့ဝင် ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က လုပ်ကြံခံခဲ့ရသလို မန္တလေးမြို့မှာလည်း ဆိုင်ကယ်စီးနေသူ တဦးဟာ သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ရပါတယ်။ ဦးကိုနီ လုပ်ကြံခံရမှုမှာ အဓိကတာဝန်ရှိတဲ့ တပ်မတော်သားဟောင်း အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ဖို့အတွက် အောင်ဝင်းခိုင် နောက်ဆုံးခြေချခဲ့တဲ့ နေပြည်တော် ကောင်စီနယ်မြေမှာ စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး မြန်မာနိုင်ငံ အနှံ့ကိုလည်း အောင်ဝင်းခိုင်နဲ့ပတ်သက်တဲ့ အချက်အလက် ဓာတ်ပုံတွေ ဖြန့်ဝေပေးထားတယ်လို့ ရဲချုပ်ဇော်ဝင်းက ဆိုပါတယ်။ “နေပြည်တော်တင် မဟုတ်ဘူး။ အောင်ဝင်းခိုင်ပါတဲ့ ဓာတ်ပုံရော၊ စာတွေကော တိုင်းနယ် ပြည်နယ်အနှံ့ကို ပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ပြင် အောင်ဝင်းခိုင်ရဲ့ နောက်ကြောင်းကို ကြည့်ရင် အောင်ဝင်းခိုင်က သံဖြူဇရပ်မှာ တပ်ရင်းမှူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အဲဒါကြောင့်မို့ သူ့အဆက်အသွယ်တွေ ရှိနိုင်တဲ့ နယ်စပ်မှာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပမှာပဲ ဖြစ်ဖြစ် ဘယ်လိုမှ တိမ်းရှောင်လို့မရအောင် အာဆီယံအတွင်းမှာဆိုလည်း အာဆီယံ ၁၀ နိုင်ငံကို သူ့ဓာတ်ပုံတွေ ပေးပို့ထားပါတယ်” အောင်ဝင်းခိုင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုကို ပေးပို့ထားတဲ့ အချက်အလက်တွေအရ အင်တာပိုကလည်း အောင်ဝင်းခိုင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးကြီးလိုချင်နေတဲ့ တရားခံပြေးအဖြစ် အနီရောင်အဆင့် သတ်မှတ်ကြေညာထားပါတယ်။ သတင်း - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024