Home
မြန်မာသတင်း
မြန်မာနှင့်တရုတ်သမ္မတ တွေ့ဆုံ၊ နှစ်နိုင်ငံ သဘောတူညီချက် ၉ ခုလက်မှတ်ရေးထိုး
DVB
·
April 11, 2017
တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမြို့မှာ မနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးနဲ့ အားကစား ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြခဲ့ပါတယ်။ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပစ္စည်းများအား တရားမ၀င် တူးဖော်ခြင်း၊ မှောင်ခိုတင်သွင်းရောင်းချခြင်း ကိစ္စရပ်တွေကို ကာကွယ်ဟန့်တားရေးဆိုင်ရာ သဘော တူညီမှုစာချုပ်၊ ရေနံစိမ်းသယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်၊ စီးပွားရေးနှင့် အတတ်ပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်၊ ပင်လယ်ကူးသင်္ဘောသားတွေကို လေ့ကျင့်သင်ကြား ပေးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေလည်း နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်စီမံကိန်းတွေ အောင်မြင် အောင် အကောင်အထည်ဖော်လုပ်ဆောင်ဖို့၊ ဆေးဘက်ဆိုင်ရာနည်း ပညာသင်တန်းကျောင်း စီမံကိန်း၊ ကူးစက်ရောဂါထိမ်းချုပ်ဗဟိုဌာန စီမံကိန်း တွေလုပ်ဆောင်ဖို့ သဘောတူညီချက်တွေနဲ့ ဆီးဂိမ်းအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေလည်း သဘောတူညီခဲ့ကြပါတယ်။ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး လျူဇန်မင်းက တရုတ်-မြန်မာ ရေနံပိုက်လိုင်းသဘောတူညီချက် လက်မှတ်ရေးထိုးတာအပါအ၀င် သဘောတူညီချက် ၉ ခုလက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောပါတယ်။ “တရုတ်-မြန်မာ ရေနံပိုက်လိုင်းရဲ့ အစိတ်အပိုင်းတခုကပြီးစီးသွားပါပြီ၊ တရုတ်ရဲ့ ရေနံချက်စက်ရုံဟာ ကူမင်းမြို့အနားမှာ ဆောက်လုပ်ထားတာပါ။ ရေနံပိုက်လိုင်းကိစ္စ အရင်က အချိန်အတော်ကြာ ဆက်သွယ်ဆွေးနွေးခဲ့ကြတာပါ။ လက်မှတ်ထိုးပြီးနောက်မှာတော့ ရေနံပိုက်လိုင်း အမြန်စတင် လုပ်ကိုင်နိုင်ပါလိမ့်မယ်” လို့ပြောပါတယ်။ မြန်မာသမ္မတ ဦးထင်ကျော်ဟာ တရုတ်နိုင်ငံမှာ ဧပြီ ၆ ရက်ကနေ ၁၁ ရက်ထိ ရောက်ရှိနေတာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့ညကနေက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမ အရှေ့ဘက် ရင်ပြင်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပုံမှန်တိုးတက်ရေးအပေါ် အားပေးထောက်ခံတဲ့အကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေက တဆင့်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်နေမှုကိုလည်း အားပေးထောက်ခံတယ်လို့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024