ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော် အဖမ်းခံထားရဆဲ
DVB
·
January 17, 2012
ဇန်နဝါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျောင်းသားတပ်မတော်က ရဲဘော် ၁၃ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး အကျဉ်းထောင်အသီးသီးမှာ အနည်းဆုံး ၃၀ ကျော် ကျန်နေသေးတယ်လို့ အေဘီအက်စ်ဒီအက်ဖ် ဒုဥက္ကဋ္ဌ ကိုမျိုးဝင်းက ပြောပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ လက်ရှိ နိုင်ငံရေးဗျူဟာက လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ရေးဖြစ်ပြီး ကျောင်းသားတပ်မတော်က ရဲဘော် တော်တော်များများ အဖမ်းခံထားရပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အကုန်လွှတ်ပေးပြီး တပြည်လုံး အပစ်ရပ်ဖို့ဟာ အရင်ဆုံးလိုအပ်ချက်ဖြစ်တယ်လို့ ကိုမျိုးဝင်းက ပြောပါတယ်။
[caption id="attachment_20064" align="alignright" width="300" caption="ကိုမျိုးဝင်း"]
[/caption]
“အခု ဇန်နဝါရီလ ၁၃ ရက်နေ့မှာ လွှတ်ပေးတဲ့ အသုတ်မှာတော့ ၁၃ ယောက်ပါလာတယ်။ ကျန်တာတော့ လက်လှမ်းမီသလောက် ပြုစုထားတဲ့ အခြေအနေရဆိုရင်တော့ ၃၀ လောက် အကျဉ်းထောင်အသီးသီးမှာ ကျန်ပါသေးတယ်။ အဓိက အခြေခံအားဖြင့်တော့ နိုင်ငံရေး နည်းလမ်းအရ ပြေလည်အောင် ကြိုးပမ်းတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းတဲ့နေရာမှာပဲဖြစ်ဖြစ် ကျနော်တို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို လွှတ်ပေးဖို့လိုတယ်။ ဒီမိုကရေစီ ကူးပြောင်းဖို့ အစီအစဉ် ဖော်ဆောင်မယ်ဆိုရင် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေဖြစ်လို့ ဖန်တီးပေးဖို့လိုတယ်။ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ်က ရဲဘော်တွေအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်ဆိုတာတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့တော့ သဘောထားရှိပါတယ်။”
အခုအချိန်ထိ မလွတ်မြောက်သေးတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေထဲမှာ ထောင်ဒဏ် တသက်တကျွန်း၊ အနှစ် ၆၀ ကျော်အထိ ချမှတ်ခံထားရသူတွေ ပါဝင်ပြီး သူတို့ကို ၁၉၉၀ အလွန် နှစ်တွေကနေ မကြာခင်နှစ်တွေအတွင်း အစိုးရက ဖမ်းဆီးထောင်ချခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် အခုလ ၁၀ ရက်နေ့က အစိုးရဘက်ကနေ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းထားတာကို အပြုသဘော တုံ့ပြန်သွားဖို့ သဘောထား ရှိတယ်လို့ ကိုမျိုးဝင်းက ပြောပါတယ်။
“သူတို့ကမ်းလှမ်းလာတဲ့ အပေါ်မှာတော့ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုလို့ ကျနော်တို့ သုံးသပ်တယ်လေ။ ဒီအပေါ်မှာ ကျနော်တို့အဖွဲ့အစည်းအနေနဲ့တော့ အပြုသဘောတုံ့ပြန်ဖို့အတွက်တော့ သဘောထားရှိတယ်။ ဒါပေမယ့် အသေးစိတ်တော့ ဒီအချိန်မှာ ပြောဖို့ကတော့ စောသေးတယ်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပါအဝင် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး။ ဒါတွေဟာ ကျနော်တို့ ကနဦးအဆင့်မှာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေကို ဆောင်ရွက်ဖို့လိုတယ်လို့ မြင်ပါတယ်။”
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဟာ ၁၉၈၈ လူထုအရေးတော်ပုံကို စစ်တပ်က နှိမ်နင်းတဲ့ နောက်မှာ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ နယ်စပ်ကို ထွက်လာတဲ့ ကျောင်းသားတွေနဲ့ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၊
လွန်ခဲ့တဲ့ နှစ်တွေက အစိုးရက တိုင်းရင်းသားအဖွဲ့တချို့နဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ပေမယ့် ကျောင်းသားတပ်မတော်ကို တိုက်ရိုက် ကမ်းလှမ်းတာမျိုး မရှိခဲ့ပါဘူး။
