ရှမ်းပြည်နယ် ကျေးရွာများတွင် အဓမ္မစစ်သားစုဆောင်း
DVB
·
January 16, 2012

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ထဲမှာ ပြည်သူ့စစ်တွေက အဓမ္မစစ်သားစုဆောင်းနေပါတယ်။
[caption id="attachment_20050" align="alignright" width="300" caption="ပြည်သူ့စစ်အဖွဲ့က ရွာသားများထံမှ ငွေတောင်းခံစာ"]
[/caption]
ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်က တန့်ယန်းမြို့နယ် မန့်ပန်ရွာအခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ နိုင်ငံရေးရုံးတာဝန်ခံက သူတို့ ထိန်းချုပ်ဒေသထဲက ရွာသူကြီးတွေအားလုံးကို ဆင့်ခေါ်ပြီး တပ်ထဲဝင်ဖို့ လူတွေ စုပေးရမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာကြီးတရွာကို ၂၅ ယောက်၊ ရွာငယ်တရွာ ၁၅ ယောက်နှုန်းနဲ့ လူမပို့ပေးနိုင်ပါက သူတို့အဖွဲ့ကိုယ်တိုင် ရွာထဲ ဆင်းကောက်မှာဖြစ်ပြီး လူမရရင် တရွာကို ကျပ်ငွေ ၃၈ သိန်း ပေးဆောင်ရမယ့်အကြောင်း ပြောခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပြည်သူ့စစ်တွေမှာ အစိုးရထောက်ပံ့ငွေ ရှိနေတာပဲ။ ရွာသားတွေဆီမှာ စစ်သားစုဆောင်းဖို့ အကြောင်းပြပြီး ကောက်တာတော့ မဖြစ်သင့်ဘူး။ ဒါပေမယ့် ရွာသားတွေက နီးရာ လက်နက်ကိုင်အဖွဲ့ကို ကြောက်တော့ ဘယ်မှ မတိုင်ရဲဘူး၊ ဘယ်နားသွားတိုင် ရမှန်းလည်း မသိဘူး။ တချို့ရွာဆို တိုင်ရ ကောင်းမှန်းလည်း မသိပါဘူး။ ဟိုအဖွဲ့လာလည်း ပေးရတာပဲ၊ ဒီအဖွဲ့လာလည်း ပေးလိုက်ရ တာပဲ။ စားစရာမရှိလည်း ပေးစရာတော့ ရှိနေရတယ်။”
ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ထဲမှာလည်း နမ့်ဟူးဖရားထမ့်ရွာအခြေစိုက် ပြည်သူ့စစ်အဖွဲ့ကနေ ဒေသခံရွာသားတွေဆီက အဓမ္မစစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ဟူးဖရားထမ့်ရွာအခြေစိုက် ပြည်သူ့စစ်အဖွဲ့ဟာ ဒီလဆန်းပိုင်း ၁၂ ရက်နေ့က ဝမ်ဆန်းကျေးရွာအုပ်စု ကုန်းမိုက်ဟိုက် ရွာသားတွေဆီက တပ်သားသစ်တယောက်စာ ကျပ်ငွေ ၁၃ သိန်းကို ဇန်နဝါရီ ၁၄ရက်နေ့ နောက်ဆုံးထားပြီး ပေးဆောင်ဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၂၀ သာရှိတဲ့ အဲဒီ့ရွာဟာ တအိမ် ၆ သောင်း စုပေးလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တန့်ယန်းမြို့နယ် မန့်ပန်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ဟာ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ် စတဲ့ မြို့နယ်တဝိုက်မှာ လှုပ်ရှားနေပြီး အင်အား ၁၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။
လဲချားမြို့နယ် နမ့်ဟူးဖရားထမ်ရွာ အခြေစိုက်ပြည်သူ့စစ်အဖွဲ့ဟာ ၂၀၀၂ ခုနှစ်က ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်မဟာ ၇၅၈ က ခွဲထွက်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း အင်အား ၂၀၀ လောက်ရှိတယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်က သူတို့ရဲ့ ဘိန်းချက်စခန်းကို ရှမ်းပြည်တပ်မတော် တောင်ပိုင်းက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် အင်အား ၃၀ လောက်ပဲ ကျန်တယ်လို့ ဆိုပါတယ်။
