တဆင့်ချင်း တဆင့်ချင်း နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးပြောဆိုသွားမယ်
နော်နိုရင်း
·
January 16, 2012

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) အနေနဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ လာမယ့် ၄၅ ရက်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးနဲ့ အသေးစိတ် ဆက်လက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်ထဲ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး သွားရောက်ဆွေးနွေးခဲ့တဲ့ထဲ ပါဝင်တဲ့ ကေအန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲရဲ့ ဒုတာဝန်ခံလည်းဖြစ်၊ လက်ရှိ နိုင်ငံခြားရေးရာ တာဝန်ခံလည်းဖြစ်တဲ့ ပဒိုဒေးဗစ်ထောကို ဆက်သွယ်မေးမြန်းထားပါတယ်။
အန်ကယ်တို့သွားတော့ ဘာတွေဆွေးနွေးဖြစ်လဲ။
[caption id="attachment_20044" align="alignleft" width="300" caption="ပဒိုဒေးဗစ်ထော"]
[/caption]
“အဓိကတော့ ကျနော်တို့ ကေအန်ယူ ဗဟိုကော်မတီကနေ သဘောတူထားတဲ့ တင်ပြချက် ၁၁ ချက်ကို ကျနော်တို့ ယူသွားတယ်။ ကျနော်တို့က တင်ပြတဲ့အခါကျတော့ သူတို့ဘက်ကလည်း အဲဒီ ၁၁ ချက်ကို ပြန်လည်သုံးသပ်ပြီးတော့ ကျနော်တို့ အသေးစိတ်လုပ်ငန်းတွေ အတွက်ကို ဆက်ဆွေးနွေးနိုင်ဖို့နဲ့ အခုလောလောဆယ် ဒီ ၁၁ ချက်ကို မူအားဖြင့် သဘောတူညီတဲ့ အဆင့်ကို လုပ်နိုင်ခဲ့တယ်။”
အန်ကယ်တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကော ဘယ်လိုရှိလဲ။
“ကျနော်တို့ စာချုပ် ၂ ခုလုပ်ခဲ့ပါတယ်။ တခုက အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်တစောင်၊ ၁၁ ချက်နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စု အဆင့်နဲ့ ဆွေးနွေးဖို့ သဘောတူညီချက် တစောင်၊ ၂စောင် ခွဲလုပ်ပါတယ်။ အဲဒီ ၂ စောင်မှာ ကရင်ပြည်နယ် အတိုင်းအတာနဲ့ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တပ်မဟာတွေရဲ့ ခေါင်းဆောင်၊ ခရိုင်တွေက ခေါင်းဆောင်တွေက လက်မှတ်ထိုးပြီးတော့ ပြည်ထောင်စု အဆင့်ကိုကျတော့ ကျနော်တို့ ကေအန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကနေ တာဝန်ခံပြီး လက်မှတ်ရေးထိုးကြပါတယ်။”
အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးတာကျတော့ ဘယ်လိုပုံစံနဲ့ ထိုးခဲ့တာလဲ။
“အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်တာတော့ တစ်အချက်က အပစ်အခတ် ရပ်မယ်။ နှစ်အချက်က ဆက်သွယ်ရေးရုံးတွေ ဖွင့်မယ်။ သုံးအချက်ကတော့ လက်နက်မပါဘဲနဲ့ သွားလာလှုပ်ရှားမှုကို တယောက်နဲ့တယောက် အကြောင်းကြားမယ်။ နောက်ပြီးတော့ နိုင်ငံတော် ပြည်ထောင်စုအဆင့်နဲ့ ဆွေးနွေးတဲ့အခါမှာ အဖွဲ့အစည်းနဲ့ လူတွေကို သတ်မှတ်ပြီးတော့ ဆွေးနွေးပွဲ စမယ်။ အဲဒီအချက်တွေ ပါပါတယ်။”
ဆက်သွယ်ရေးရုံးတွေက ဘယ်နှရုံးလောက်ဖွင့်ဖို့ ရည်မှန်းထားလဲ။ ဘယ်နေရာလောက် ဖွင့်ဖို့ ရည်မှန်းထားလဲ။
“ဆက်သွယ်ရေးရုံးနဲ့ ပတ်သက်ရင် ဗဟိုအနေနဲ့က မြဝတီနဲ့ ဘားအံကို ဖွင့်မှာဖြစ်ပြီးတော့ မြိတ်၊ ထားဝယ်ဘက်မှာဆို နေရာ ၃ခု၊ နောက်တပ်မဟာ ၆ ဘက်ကနေရာ ၂ ခု၊ တောင်ငူက နေရာ ၂ ခု၊ တပ်မဟာ ၁ ဘက်က နေရာ ၂ခု၊ ဘားအံခရိုင် တပ်မဟာ ၇ နေရာ ၁ခု၊ နောက်ပြီး ညောင်လေးပင်လည်း နေရာ ၁ ခု၊ အစရှိသဖြင့် နေရာတွေကို သတ်မှတ်ထားပါတယ်။ အဲဒီ ဆက်သွယ်ရေးရုံးတွေ ဖွင့်ဖို့။”
ဘယ်တော့ဖွင့်ဖို့ စဉ်းစားထားလဲ။
“အမြန်ဆုံးကတော့ ဗဟိုဖြစ်တဲ့ မြဝတီနဲ့ အမြန်ဆုံးဖွင့်ဖို့ ကြိုးစားရပါမယ်။ နောက်တကြိမ်ဆိုတာကလည်း တွေ့ဆုံမှာက ကျနော်တို့ ရက်သတ်မှတ်ထားတာ ၄၅ ရက်၊ မကျော်တဲ့အချိန်ကာလမှာ ကျနော်တို့ နိုင်ငံတော်အဆင့်နဲ့ ဒါမှမဟုတ် ပြည်ထောင်စုအဆင့်နဲ့ တွေ့ကြဖို့အတွက် သဘောတူညီချက် ရှိထားပါတယ်။”
ဘားအံမှာ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ ပဲခူးနဲ့နေပြည်တော်ကို သွားရောက်တယ်လို့ သိရတယ်။ ပဲခူးနဲ့ နေပြည်တော်ကို ဘာအတွက် သွားခဲ့တာလဲ။
“ဘားအံမှာ လက်မှတ်ရေးထိုးပြီးတဲ့ ညနေမှာပဲ မော်လမြိုင်ကို သွားပါတယ်။ မော်လမြိုင်မှာ မွန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်က ကျနော်တို့ကို ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မတွေ့လို့ မဖြစ်ဘူးဆိုတာက ကျနော်တို့ တပ်မဟာ ၆ နယ်မြေဆိုရင် မွန်ပြည်နယ်နဲ့ တပ်မဟာ ၁ ဆိုရင်လည်း မွန်ပြည်နယ်နဲ့ ဆက်စပ်နေတာကြောင့် မွန်ပြည်နယ်က တာဝန်ရှိပုဂ္ဂိုလ်များလည်း သိရှိဖို့လိုအပ်တယ်။ အဲဒါကြောင့် အဲဒီကို သွားခဲ့ခြင်းဖြစ်တယ်။ နောက်တရက်မှာ ပဲခူးကိုသွားတယ်။ ပဲခူးမှာလည်း ထိုနည်းတူပဲ။ ပဲခူးတိုင်းနဲ့ ဆက်စပ်နေတဲ့အတွက် ကျနော်တို့ရဲ့ နယ်မြေအချို့က လုပ်ဆောင်ရမယ့် ရုံးကိစ္စတို့ ဆက်သွယ်ရေး ကိစ္စတို့ကို ကျနော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ ကျနော်တို့ တင်ပြပြီးတော့ အကူအညီ ပေးဖို့တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ နေပြည်တော်ကို သွားတာကတော့ ကျနော်တို့ လုပ်ငန်းအရ ဟိုမှာရှိတဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ ကျနော်တို့ အစီအစဉ် ရှိတဲ့အပေါ်မှာ သွားခဲ့ခြင်းဖြစ်တယ်။ ကျနော်တို့ကိုလည်း နေပြည်တော်က ဒုသမ္မတ စိုင်းမောက်ခမ်းက ညစာနဲ့ တည်ခင်းဧည့်ခံပြီးတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လှမင်းရော၊ တခြားဝန်ကြီး ၆ ပါးလည်း၊ တက်ရောက်ပြီးတော့ ညစာစားပွဲမှာ တွေ့ရတယ်။ ဒုဝန်ကြီး ၆ ပါးလည်း ပါဝင်ပြီး ဌာနဆိုင်ရာ ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။”
အဲဒီမှာ ဘာတွေဆွေးနွေးဖြစ်ခဲ့သေးလဲ။
“ကျနော်တို့ အဓိကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံးကနေ သူတို့တပ်တွေစီကို ညွှန်ကြားတဲ့ ညွှန်ကြားစာတွေကို ကျနော်တို့ကို ပေးအပ်ပါတယ်။ ပြီးတော့ တပ်တွေဆီကိုလည်း ညွှန်ကြားပြီးဖြစ်တဲ့ အကြောင်းကိုလည်း ကျနော်တို့ကို အသိပေးပါတယ်။ ဒါကတော့ အဓိက ကိစ္စပါ။ နောက်တခုက ကျနော်တို့အနေနဲ့ တခြားသော အခု ၁၁ ချက်ထဲက ပါဝင်တဲ့ အချက်တချို့ကို ယေဘုယျအားဖြင့် ဆွေးနွေးနိုင်ခဲ့ပါတယ်။”
တပ်တွေကို ညွှန်ကြားတဲ့စာဆိုတာ ဘယ်လိုမျိုးစာလဲ။
“စာကတော့ သမ္မတရုံးကနေ တပ်မတော်ကို အကြောင်းကြားတဲ့စာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထားပြီး ဖြစ်တဲ့အတွက် ပစ်ခတ်မှုတွေကို ရှောင်ရှားဖို့အတွက် ညွှန်ကြားထားတာဖြစ်ပါတယ်။ ၁၃ ရက်နေ့ ရက်စွဲနဲ့။”
ကေအန်ယူဘက်ကရော တပ်တွေကို ညွှန်ကြားထားတာ ရှိပြီလား။
“ကျနော်တို့ဘက်ကလည်း ညွှန်ကြားထားတာ ရှိပါတယ်။”
ကေအန်ယူအနေနဲ့ အခု နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံရေးအရ ဘယ်လိုလုပ်ငန်းတွေ ဆက်လုပ်ဖို့ ပြင်ဆင်ထားလဲ။
“ကျနော်တို့ အနေနဲ့က တဆင့်ချင်း တဆင့်ချင်း နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးပြောဆိုသွားမယ်ဆိုတာကို ကျနော်တို့ ရှိပါတယ်။ အခု လောလောဆယ်က ပြည်သူပြည်သားတွေကို ကျနော်တို့ရဲ့ ပဋိပက္ခဖြစ်တဲ့ နယ်မြေတွေက လူတွေကို ပြန်လည်ပြီးတော့ နေရာချထားဖို့၊ ပြန်လည်ထူထောင်ရေး လုပ်ဖို့ကိစ္စက နံပါတ်တစ် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီကနေ တက်သွားမှာက ခုနပြောတဲ့ နိုင်ငံရေး အဆင့်ဆိုတာက ကျနော်တို့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲချင်တဲ့ဟာတွေကို ပြုပြင်နိုင်တဲ့ နည်းလမ်းကနေ တဆင့် သွားရမယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီနေ့နိုင်ငံရေး ကိစ္စက ပါလီမန်နိုင်ငံရေး ဖြစ်နေပြီဖြစ်တဲ့အတွက် ပါလီမန်အတွင်းကို ဝင်ရောက်ပြီးတော့ ကျနော်တို့ရဲ့ အမြင်သဘောထားတွေကို ကျနော်တို့ ပြင်ချင်တဲ့ဟာတွေ ကျနော်တို့ ပြောင်းလဲချင်တဲ့ဟာတွေကို စဉ်းစားဖို့ လိုအပ်ပါတယ်။”
ဒုက္ခသည် ကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးမြန်း၊ ဆွေးနွေးတာမျိုးတွေ ရှိခဲ့သေးလား။
“ရှိပါတယ်။ ကျနော်တို့အနေနဲ့ အဓိကတော့ ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ ဌာနေမဲ့လူတွေကို ကျနော်တို့ ပထမဆုံး အစီအစဉ်အနေနဲ့ သူတို့ကို ပြန်လည်နေရာချထားရေး ပြုစုပျိုးထောင်ရေး လုပ်ပေးပြီးမှ ဒုက္ခသည်ကိစ္စကို ကျနော်တို့ ကိုင်တွယ်မှာပါ။ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေက ရိက္ခာပိုင်းပဲ ပြောပြော၊ လုံခြုံရေးအပိုင်းပဲ ပြောပြော၊ သူတို့မှာ ဘဝအာမခံချက် မရှိဘူး။ ဒုက္ခသည်စခန်းမှာ ရှိတဲ့လူက အတိုင်းအတာ တခုထိ လုံခြုံရေးနဲ့ ဒီနေ့ ရိက္ခာပိုင်းမှာ သူတို့ပူစရာ မရှိဘူးလို့ ပြောချင်တယ်။ ဒါကြောင့် အရေးကြီးတဲ့လူကို ကျနော်တို့ နံပါတ်တစ် ဦးစားပေး လုပ်သွားမှာပါ။”
အစိုးရဘက်ကကော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတုံ့ပြန်တာမျိုးတွေ ရှိသလဲ။
“ရှိပါတယ်။ ဆွေးနွေးပွဲမှာ အခုတော့ ဝန်ကြီးတာဝန် ထမ်းဆောင်နေတဲ့ ဦးခင်ရီပေါ့၊ အရင်တုန်းက ဗိုလ်ချုပ်ခင်ရီ၊ သူ့အနေနဲ့ ပါဝင်မယ်။ သူလည်းအင်မတန်မှ စိတ်ဝင်စားတယ်။ ဒီလူတွေကိစ္စကို ပြန်စီစဉ်တဲ့အပိုင်းမှာ သူလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပြီးတော့ လုပ်ဆောင်ပေးမယ်ဆိုတာကို ကတိပေးပါတယ်။”
