အစိုးရနှင့်တွေ့ဆုံခဲ့သည့် ကေအန်ယူအဖွဲ့ ရှင်းလင်းပွဲလုပ်
နော်နိုရင်း
·
January 16, 2012

အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးလက်မှတ်ထိုးခဲ့တဲ့ ကေအန်ယူငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြန်လည်ရောက်ရှိလာပြီး ဒီနေ့ မနက်မှာ ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။
[caption id="attachment_20025" align="alignright" width="300" caption="ကေအန်ယူငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့"]
[/caption]
အပစ်ခတ်ရပ်စဲရေး သွားရောက်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ် ၁၉ ဦးကနေပြီး ဗဟိုကော်မတီဝင်တွေကို ဒီမနက် ၉ နာရီကနေ ၁၂ ရီအထိ ပြန်လည်ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တာပါ။
ကရင်ပြည်နယ် ဘားအံမြို့မှာ ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် အပိုင်း ၂ ပိုင်းခွဲ လက်မှတ် ရေးထိုးခဲ့ကြတဲ့ အကြောင်းတွေ ရှင်းလင်းတာလို့ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ရှင်းပြပါတယ်။
“သူတို့က ကျနော်တို့တင်တဲ့ ၁၁ ချက်ရယ်၊ သူတို့ဘက်က ၄ ချက်ရယ်၊ ဒီအပေါ်မှာ နှစ်ဖက်သဘောတူတယ်။ တိတိကျကျမဟုတ်ဘူး။ ပဏာမ သဘော အပစ်အခတ်ရပ်စဲရေး သဘောတူတာလေ။ အဲဒီအပေါ်မှာ သူ့တပ်နေရာ၊ ကိုယ့်တပ်နေရာတွေ တိကျတဲ့လုပ်ငန်းတွေက ဆက်ဆွေးနွေးစရာ ရှိသေးတယ်။
“နအဖ တပ်က၊ ဘားအံမြို့ထဲမှာနေမလား၊ ဒါမှမဟုတ် ကော့ကရိတ်မှာနေမလား၊ ဒါမှမဟုတ် သူတို့ရှိထားတဲ့ တပ်စခန်းတွေက ဘယ်နားမှာ ရှိတယ်ဆိုတာ အဲဒါတွေကို သူတို့က ပြောပြရမယ်။ သူတို့တပ်တွေ ဘယ်နားမှာနေတယ်ဆိုတာ ပြောပြရမယ်။ ပြောပြပြီးမှ ဒီတပ် ၂ ခုက၊ ပဋိပက္ခ မဖြစ်အောင်၊ တိုက်ပွဲမဖြစ်အောင် စည်းကမ်းတွေ ပြန်ချရမယ်။ အဲဒီစည်းကမ်းတွေချပြီးမှ အဲဒီစည်းကမ်းအတိုင်း ဆောင်ရွက်ဖို့အတွက် တပ်တွေကို ညွှန်ကြားရမယ်။ အဲဒါတွေပြီးမှ ဆက်သွယ်ရေးရုံးမှာ ဘယ်သူတွေထားမလဲ။ အမည်ပေး။ အမည်ပေးမထားဘဲ ထားတယ်ဆိုတာ မရဘူး။ ကျနော်တို့ဘက်ကလည်း သူတို့ကို ဆက်သွယ်ရေးလုပ်မယ်။ အဲဒီတာဝန်ခံ အမည်ဘယ်သူဆိုတာပေး၊ ဘယ်မှာရုံးစိုက်မယ်။ အဲဒါအားလုံး ကျေနပ်ပြီလားဆိုမှ အဲဒီမှာ တရားဝင် လက်မှတ်ထိုးမယ်။
“အခုပဏာမက တရားဝင်ပဲ။ တရားဝင်ပေမယ့် ဖျက်လို့ရတယ်။ အဲဒီသဘောတူညီခွင့် အကုန်လုပ်ပြီးမှ သဘောတူလက်မှတ်ထိုးတာ ဖျက်လို့မရဘူး။ အဲဒါ ဖောက်ဖျက်ရင် စည်းကမ်းဖောက်ဖျက်တာပဲ။ ၄၅ ရက်အတွင်း ပြန်ပြီးမှ စီစဉ်ရမယ်။ အစည်းအဝေး ထပ်ထိုင်ရဦးမယ်။”
ကေအန်ယူ အနေနဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ လာမယ့် ၄၅ ရက်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေးနဲ့ အသေးစိတ် ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။
