ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရ ရွှေလီတွင် ဆွေးနွေးမည်
DVB
·
January 16, 2012
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ တရုတ်နိုင်ငံ ရွှေလီမှာ နိုင်ငံရေး ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့လို့ သတ်မှတ်ထားပေမယ့် နေရာအတွက် တရုတ် အစိုးရရဲ့ ခွင့်ပြုချက် ရယူရဦးမှာဖြစ်ပြီး ခွင့်ပြုချက်ရရင် သတ်မှတ်ရက်မှာ ဆွေးနွေးသွားမယ်လို့ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
ပြည်ထောင်စု အစိုးရအဆင့်နဲ့တွေ့ဖို့ ကေအိုင်အေက ဗဟိုကော်မတီအဖွဲ့ဝင် ၆ ဦးကို ရွေးချယ်ထားပေမယ့် လိုအပ်ပါက အဖွဲ့ဝင်ဦးရေ တိုးသွားမှာ ဖြစ်ပြီး အစိုးရဘက်က ပြည်နယ်အဆင့် အရာရှိတချို့ ပါဝင်မှာ ဖြစ်ပါတယ်။
ဦးလနန်းက “အဓိကကတော့ အပစ်အခတ်ရပ်စဲရေးကို သိပ်ပြီး မီးမောင်းမထိုးချင်ဘူးဗျ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာဖို့အတွက် လမ်းကြောင်းဖော်ဆောင်ရေး ဆွေးနွေးဖို့ပဲ အဓိကထားပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အဆင့်တိုင်း အဆင့်တိုင်းမှာ တဆင့်ချင်း တက်ပြီး အဆင်ပြေလာတယ်ဆိုရင်တော့ ပစ်ခတ်မှုက လတ်မှတ်ထိုးစရာ မလိုပါဘူး။ သူ့ဘာသာသူ ရှောရှောရှူရှူ အဆင်ပြေသွားမယ့် ကိစ္စရပ်လေးတွေပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကချင်ပြည်နယ်အတွင်း ကေအိုင်အေနဲ့ အစိုးရစစ်တပ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီးတော့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေက နယ်စပ်တွေမှာ ခိုလှုံနေပါတယ်။
အစိုးရက တခြားတိုင်းရင်းသားအဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး ကေအိုင်အေနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။