ရန်ကုန်-မန္တလေးအမြန်လမ်းကို ဆိုင်ကယ်ဖြင့်ဖြတ်ကူးသူ ကားတိုက်ခံရ၊ ၃ ဦးပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဒီကနေ့  နေ့လယ် ၁၂ နာရီလောက်က  ဆိုင်ကယ်နဲ့ အိမ်စီးကားတစီး တိုက်မိပြီး လူ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်၃၀၅/၂ နဲ့ ၃ ကြားလမ်းအရှေ့မှ အနောက်ကို ဖြတ်ကူးတဲ့ ကျော်ဆန်းမောင်းပြီး ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်နဲ့ ရန်ကုန်ဘက်ဦးတည်မောင်းလာတဲ့ အိမ်စီးကားတို့ တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ လူ ၃ ဦးလုံး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ “ဆိုင်ကယ်က မလှိုင်မြို့နယ် အုတ်ဖိုကန် ရွာကိုသွားတဲ့လမ်းကိုဖြတ်ကူးတယ်။ ပထမတန်းကျောင်းသူ စုရတီးစိုးက ပေါင်ကျိုးသွားတယ်။ ဦးဖိုးခွေးကလက်ကျိုးတယ်။ ဆိုင်ကယ်မောင်းတဲ့ ကျော်ဆန်းကဦးခေါင်းနဲ့ လက်တွေပေါက်ပြဲကုန်တယ်။ မိတ္ထီလာဆေးရုံ ပို့လိုက်ရတယ်။” လို့ သီကုန်းရဲစခန်း စခန်းမှူးကပြောပါတယ်။ ဆိုင်ကယ်မောင်းသူ ကျော်ဆန်းကို အမြန်လမ်းမကြီး ဥပဒေပုဒ်မ-၁၈၊ ယာဉ်မဆင်မခြင် မောင်းနှင်လို့ ဒဏ်ရာရရှိစေသောပြစ်မှု ပုဒ်မ-၃၃၇/၃၃၈ အရ  ပုဒ်မနှစ်ခုနဲ့ မိတ္ထီလာသီကုန်း ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မောင်မောင်လင်း(ဝမ်းတွင်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up