Home
မြန်မာသတင်း
ပုဒ်မ ၆၆ ဃဖြင့် တရားစွဲခံရသည့် မဇာခြည်ဦးက ပြည်ဖြိုးထွန်းကုမ္ပဏီအား တောင်းပန် (ရုပ်သံ)
DVB
·
April 7, 2017
ပုဒ်မ၆၆ ဃဖြင့်တရားစွဲခံထားရသည့် မဇာခြည်ဦးက... by dvburma ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ မဇာခြည်ဦး (ခ) တရုတ်မ က ပြည်ဖြိုးထွန်းကုမ္ပဏီအား ဧပြီလ ၇ ရက်နေ့က မြိတ်မြို့၊ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ အခမ်းအနားနဲ့ လာရောက်တောင်းပန်ခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သိစေရန်ဟု ခေါင်းစဉ်တပ်ကာ ပြည်ဖြိုးထွန်းကုမ္ပဏီမှ သစ်များ အလုံးလိုက်ခိုးထုတ်နေတယ်ဆိုပြီး သူရဲ့ Zar Chi ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ပို့စ်တင်ခဲ့တာကြောင့် ကုမ္ပဏီက ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဒီပို့စ်ကိုတင်ခဲ့တာဖြစ်ပြီး သတင်းမှာ မဟုတ်မမှန်ပဲ မှားယွင်းနေတာကို ကုမ္ပဏီ ဘက်က ပြောကြားခဲ့ပေမယ့် လက်ခံခြင်းမရှိတဲ့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်လို့ ခေါင်းစဉ်တပ်ပြီး ထပ်မံပို့စ်တင်ခဲ့တဲ့အတွက် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ မဇာခြည်ဦးက “သင်္ဘောသားတစ်ဦးတင်ထားတဲ့ ပို့စ်ကို မြင်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွက် အရေးကြီးတယ်ထင်လို့ ကျမအနေနဲ့ မှားယွင်းနေမှန်းမသိပဲ ပြန်တင်လိုက်မိတာပါ။ တင်ခဲ့တဲ့ ပို့စ်အတွက် ကုမ္ပဏီဘက်က ဂုဏ်သိက္ခာအရ ထိခိုက်နစ်နာတဲ့အတွက် ပြန်လည်တောင်းပန်ခဲ့တာဖြစ်တယ်။ ကျမရဲ့ မှားယွင်းတဲ့အပြုအမူကြောင့် ကုမ္ပဏီက တာဝန်ရှိသူတွေရော၊ ကျမရဲ့ မိသားစုအသိုင်းအဝိုင်းနဲ့ တက်ရောက်လာတဲ့ လူကြီးမင်းများကိုလည်း ဒီနေရာကပဲ အနူးအညွှန့်တောင်းပန်ပါတယ်။” လို့ ပြောပါတယ်။ မြိတ်မြို့၊ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ ဒီတောင်းပန်ပွဲကို ရပ်မိရပ်ဖလူကြီးတွေ၊ အုပ်ချုပ်ရေးမှူးတစ်ချို့၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့  မီဒီယာတွေတက်ရောက်ခဲ့ပါတယ်။ မဇာခြည်ဦးဘက်က တောင်းပန်ခဲ့တဲ့အပေါ် ကုမ္ပဏီ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးလှသန်းက ကျေအေးပေးခဲ့ပြီး အမှုကို ပြန်ရုပ်သိမ်းပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ “နစ်နာစေချင်တဲ့ စိတ်ဓာတ်မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ၀န်ချတောင်းပန်တဲ့အပေါ်မှာ ကျနော့်အနေနဲ့ ကျေနပ်ပါတယ်။ ဒီအမှုကို ပြန်ရုပ်သိမ်းဖို့အတွက်လည်း ကျနော် သဘောတူပါတယ်။” မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024