မျိုးဆက်သစ် လူငယ်ဘောလုံးသမားရွေးချယ်မှု အောင်ဆန်းကွင်းတွင် ဆက်လက်ပြုလုပ် (ဓာတ်ပုံ)

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မျိုးဆက်သစ်လူငယ် ဘောလုံးကစားသမား ရွေးချယ်မှုကို ဧပြီ ၆ ရက်က အောင်ဆန်းကွင်းမှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဧပြီ ၅ ရက်ကတည်းက စတင်ရွေးချယ်နေတာဖြစ်ပြီး ကစားသမားစုစုပေါင်း ၂၅၀ ကျော် လာရောက်ရွေးချယ်ခံခဲ့ကြပါတယ်။ ရွေးချယ်ခံရတဲ့ ပဏာမ ကစားသမားစာရင်းကို လာမယ့် ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ပေးမှာဖြစ်ပြီး ပဏာမ ကစားသမား စုစုပေါင်း ၂၀၀ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ကစားသမားရွေးချယ်မှုကို အဖွဲ့ ၄ ဖွဲ့ခွဲပြီး နိုင်ငံတဝန်းက မြို့ကြီး ၅၅ မြို့မှာ ပြုလုပ်နေတာပါ။ ဘောလုံးအကယ်ဒမီတွေမှာ လေ့ကျင့်သင်ကြားပေးမယ့် ကစားသမားတွေ ရွေးချယ်ရာမှာ အံ့အားသင့်လောက်အောင် ထူးချွန်တဲ့ ကစားသမား ၁၅ ဦးလောက်ရှိပေမယ့် အများစုကတော့ စနစ်တကျ သင်ကြားပေးဖို့ လိုအပ်တယ်လို့ အောက်မြန်မာပြည် ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် ဦးဝင်းသူမိုးက ပြောပါတယ်။ လက်ရှိအချိန်အထိ မြို့ပေါင်း ၅၀ ကျော်မှာ သွားရောက်ရွေးချယ်ခဲ့ရာ ကစားသမား စုစုပေါင်း ၁၃၀၀ လောက် လာရောက်ရွေးချယ်ခဲ့ပါတယ်။ ကစားသမား ရွေးချယ်မှုတွေကို ဧပြီ ၉ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး မင်းတပ်၊ ချောက်နဲ့ ပခုက္ကူမြို့တွေမှာ ကစားသမား ရွေးချယ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အပြီးသတ် ကစားသမား ရွေးချယ်မှုကိုတော့ လာမယ့်မေလ ၂ ရက်နဲ့ ၁၀ ရက်ကျရင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်မှာဖြစ်ပြီး အသက် ၁၂ နှစ်အောက် ကစားသမား ၁၅ ဦး၊ ၁၁ နှစ်အောက် ကစားသမား ၇၀ ဦး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up