တရားမဝင်ကျွန်းသစ်များ တင်လာသည့် ကားတစီး ဖမ်းမိ
DVB
·
April 7, 2017
ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့မှာ တရားမဝင်ကျွန်းသစ်တွေ တင်ဆောင်ထားတဲ့ ယာဉ်တစ်စီးကို ဧပြီလ ၆ ရက် နံနက် ၁၁ နာရီလောက်က ဖမ်းစီးရမိခဲ့တယ်လို့ ပဲနွယ်ကုန်း ရဲစခန်းက ပြောပါတယ်။
သတင်းအရ ကျောက်တံခါးမြို့နယ် သစ်တောဌာနက တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က ရုပ်ရှင်ရုံလမ်းကြားမှာ ရပ်တန့်ထားတဲ့ ယာဉ်ကိုရှာဖွေရာမှာ ယာဉ်မောင်းကို မတွေ့ရှိရဘဲ ကျွန်းသစ်ခွဲသား ၃၃၈ ချောင်းကိုတွေ့ရှိလို့ ဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
“မိတာကတော့ ၁၁ နာရီလောက်ကပါ။ ကျွန်းတွေပါ၊ ပိုင်ရှင်တော့မမိပါဘူး။ သစ်တွေကိုတော့ သစ်တောက တိုင်းနေပါတယ်။ အဲဒါရရင်တော့ အကုန်ပြီးပါပြီ။ ယာဉ်မောင်းလိုင်စင်လည်း တွေ့ထားပါတယ် စုံစမ်းမှာပါ" လို့ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။
ပဲနွယ်ကုန်း နယ်မြေရဲတပ်ဖွဲ့စခန်းက သစ်တောဥပဒေပုဒ်မ-၄၃(က) နဲ့ အမှုဖွင့်ထားပြီး သစ်ပိုင်ရှင်နဲ့ ယာဉ်မောင်းကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် ( ကညွတ်ကွင်း )